◾ ကျပ် ၁,၀၀၀ တန် အောင်ဘာလေ အွန်လိုင်းထီလက်မှတ်များကို မနက်ဖြန် ည ၁၂ နာရီမတိုင်မီအထိ ရောင်းချပေးမည်
၂၈. ၉. ၂၀၂၃
Written by Nyein Kyaw
အောက်တိုဘာလ ၁ ရက်တွင် ဖွင့်လှစ်မည့် ၅၅ ကြိမ်မြောက် ကျပ် ၁,၀၀၀ တန် အောင်ဘာလေသိန်းဆု ထီလက်မှတ်များ ရောင်းရငွေ ကျပ် ၆ ဒသမ ၁ ဘီလျံကျော်ရရှိခဲ့ပြီး ၅၄ ကြိမ်မြောက်ထက် ကျပ်သန်း ၈၄၀ ကျော်ပို၍ရရှိခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ စက်တင်ဘာလ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်တွင် ကျင်းပမည့် ၅၅ ကြိမ်မြောက် ကျပ် ၁,၀၀၀ တန် အောင်ဘာလေသိန်းဆု ထီလက်မှတ်များကို “က” အက္ခရာမှ အစဉ်လိုက် “ည” အက္ခရာအထိ အက္ခရာ ၁၀ လုံးအပေါ်မှ ၇၅ ရာခိုင်နှုန်းဖြစ်သော ထီစာအုပ် ၆၁၃,၆၄၀ အုပ်အား ကုန်စင်အောင်ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်။
ထီလက်မှတ်များရောင်းရငွေမှာ ကျပ် ၆၁၃၆ ဒသမ ၄ သန်း (ကျပ် ၆ ဒသမ ၁ ဘီလျံကျော်) ဖြစ်သဖြင့် ယင်းပမာ၏ ၇၀ ရာခိုင်နှုန်း ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေမှာ ကျပ် ၄၂၉၅ ဒသမ ၄၈၀ သန်း (ကျပ် ၄ ဒသမ ၃ ဘီလျံနီးပါး) ဖြစ်သည်။ အဆိုပါ ၇၀ ရာခိုင်နှုန်း ခွဲဝေချီးမြှင့်မည့် ထီဆုများနှင့် ဘဏ္ဍာသိမ်းရငွေ ကျပ် ၁၇၂ ဒသမ ၂၆၀ သန်းကို ပြန်လည်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
၅၅ ကြိမ်မြောက် အောင်ဘာလေဆုများအနေဖြင့် ကျပ်သိန်းငါးထောင် တစ်ဆု၊ ကျပ်သိန်းနှစ်ထောင် တစ်ဆု၊ ကျပ်သိန်းတစ်ထောင် တစ်ဆု၊ ကျပ်သိန်းငါးရာ လေးဆု၊ ကျပ်သိန်းနှစ်ရာ ခြောက်ဆု၊ ကျပ်သိန်းတစ်ရာ ကိုးဆု၊ ကျပ်သိန်းငါးဆယ် ၁၂ ဆု၊ ကျပ်သိန်းနှစ်ဆယ် ၁၉ ဆု၊ ကျပ်ဆယ်သိန်း ၁၈ ဆုများအပြင် ဝေဝေဆာဆာပဒေသာဆုအနေဖြင့် ကျပ်သုံးသိန်း ၃၀ ဆု၊ ကျပ်နှစ်သိန်း ၃၀၀ ဆု၊ ကျပ်တစ်သိန်း ၉,၀၀၀ ဆု၊ ကျပ်ငါးသောင်း ၂၀,၀၀၀ ဆု၊ ကျပ်တစ်သောင်း ၁၀၀,၀၀၀ ဆု ချီးမြှင့်ပေးသွားမည်ဖြစ်သည်။ ဘဏ္ဍာသိမ်းရငွေ ကျပ် ၁၃၄ ဒသမ ၈၀၀ သန်းမှ ကျပ်ဆယ်သိန်း သုံးဆု၊ ကျပ်သုံးသိန်း ၃၀ ဆု၊ ကျပ်နှစ်သိန်း ၃၀၀ ဆု၊ ကျပ်တစ်သိန်း ၁,၀၀၀ ဆု ချီးမြှင့်သွားမည်ဖြစ်သည်။
အောင်ဘာလေသိန်းဆုထီနှင့် အွန်လိုင်းထီတို့အား ယခု ၅၅ ကြိမ်မြောက်မှစ၍ သီးခြားစီဖွင့်လှစ်မည်ဖြစ်ပြီး ၅၅ ကြိမ်မြောက် ကျပ် ၁,၀၀၀ တန် အောင်ဘာလေ အွန်လိုင်းသိန်းဆု ထီလက်မှတ်များကို စက်တင်ဘာ ၂၉ ရက် ည ၁၂ နာရီမတိုင်မီအထိ ဆက်လက်ရောင်းချသွားမည်ဖြစ်သည်။ ကျပ် ၁,၀၀၀ တန် အောင်ဘာလေ အွန်လိုင်းသိန်းဆုထီလက်မှတ်များ၏ စုစု ပေါင်းရောင်းရငွေအပေါ်မှ ၇၀ ရာခိုင်နှုန်းအား ဆုမဲအဖြစ် ပြန်လည်ခွဲဝေချီးမြှင့်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။