၂၈. ၉. ၂၀၂၃
Written by Nay Aung
ဆက်သွယ်ရေးနှင့် အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုကျူးလွန်နေသူများကို ဖြိုခွင်းနိုင်ရန်အတွက် အောက်တိုဘာ ၁ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ တရုတ်-မြန်မာနယ်စပ်ဒေသဖြစ်သော Tengchong မြို့တွင် ယာယီ နယ်စပ်ကန့်သတ် ထိန်းချုပ်ရေးဇုန်တစ်ခုတည်ထောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် အာဏာပိုင်များက ကြေညာလိုက်သည်။
အဆိုပါမြို့သည် ယူနန်ပြည်နယ် အနောက်ပိုင်းတွင်တည်ရှိသလို မြန်မာနိုင်ငံမြောက်ပိုင်း၊ အနောက်မြောက်ပိုင်းနှင့် နယ်စပ်ချင်းထိစပ်နေသော မြို့လည်းဖြစ်ကြောင်း သိရသည်။ ထို့အပြင်Tengchong မြို့သည် အရှေ့တောင်အာရှနှင့် တောင်အာရှဒေသသို့ သွားရောက်ရန်အတွက် တရုတ်နိုင်ငံ၏အဓိက ဂိတ်တံခါးမြို့တစ်ခုလည်းဖြစ်သည်။ Tengchong မြို့အာဏာပိုင်များက မြို့အတွင်းကို လူနှင့် မော်တော်ယာဉ်များ ဝင်ရောက်သွားလာမှုကို စီမံခန့်ခွဲမှု ပိုမိုကောင်းမွန်စေရန်အတွက် နယ်စပ်ကန့်သတ် ထိန်းချုပ်ရေးဇုန်တည်ထောင်မည် ဖြစ်ကြောင်း၊ ထိုသို့ တည်ထောင်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းရှိ အွန်လိုင်းမှတစ်ဆင့်လိမ်နေသည့် ဂိုဏ်းများအတွက် ပါဝင်ဆောင်ရွက်မှုများနှင့် တရားမဝင်နယ်စပ်ဖြတ်ကျော်ခြင်းများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါ နယ်စပ်ကန့်သတ်ထိန်းချုပ်ရေးဇုန်သည် မြန်မာနိုင်ငံနှင့်နယ်စပ်ချင်းထိစပ်နေသော Houqiao မြို့၊ Mingguang မြို့နှင့် Diantan မြို့အပါအဝင် တရုတ်နိုင်ငံ၏နယ်စပ်မြို့များအားလုံးအတွက် အကျုံးဝင်မည်ဖြစ်ကြောင်း၊ ယူနန်ပြည်နယ်အာဏာပိုင်များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါဇုန်အတွင်းနေထိုင်နေသောဒေသခံများကို ဖြတ်သန်းခွင့်အတွက် သက်ဆိုင်ရာစာရွက်စာတမ်း လက်မှတ်များထုတ် ပေးမည်ဖြစ်ရာ ဒေသခံများသည် နီးစပ်ရာနယ်စပ်ထိန်းချုပ်ကန့်သတ်ရေးဇုန်များတွင် တစ်လတစ်ကြိမ် မှတ်ပုံလာတင်ရန် လိုအပ်ကြောင်း ယူနန်အာဏာပိုင်များက ဆိုသည်။ ထို့အပြင် နယ်စပ်စီမံကိန်းများတွင် အလုပ်လုပ်ကိုင်နေသူများ၊ သတ် မှတ်ထားသောဇုန်အတွင်း ဝါးနှင့်သစ် လာရောက်ခုတ်ထွင်သူများအတွက်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် အလုပ်ရှင်များက သက်ဆိုင်ရာစာရွက်စာတမ်း ပြုလုပ်ပေးရမည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် နီးစပ်ရာ ထိန်းချုပ်ကန့်သတ်ရေးဇုန်တွင် ၁၅ ရက်တစ်ကြိမ် မှတ်ပုံလာတင်ရမည်ဖြစ်ကြောင်း ယူနန်အာဏာပိုင်များက ပြောသည်။
နယ်စပ်ဒေသကန့်သတ်ထိန်းချုပ်ရေးဇုန်အတွင်းသို့ ဝင်ရောက်လိုသူများနှင့် မော်တော်ယာဉ်များသည်သက်ဆိုင်ရာ စာရွက်စာ တမ်းများနှင့်တကွ သွားရောက်မည့်အကြောင်းအရာများကို ဒေသဆိုင်ရာအာဏာပိုင်တွေထံ တင်ပြရမည်ဖြစ်သလို နယ်စပ်ဒေသအာဏာပိုင်များသည် ဇုန်အတွင်းဝင်ရောက်လာသော လူတစ်ဦးချင်းစီနှင့် မော်တော်ယာဉ်များနှင့်ပတ်သက်ပြီး စစ်ဆေးရန်တာဝန်ရှိကြောင်း ယူနန်အာဏာပိုင်များက သတင်းပြန်ထားသည်။
Ref; chinadaily