၂၈.၉.၂၀၂၃
Written by Peya
ယူနက်စကိုက ကြီးမှူးကျင်းပသည့် လူငယ်ဓာတ်ပုံပြိုင်ပွဲတွင် အသက် ၂၁ နှစ်အရွယ် မြန်မာနိုင်ငံသား လူငယ်ဓာတ်ပုံဆရာတစ်ဦးက မွေတော်ကက္ကူဘုရား ဓာတ်ပုံဖြင့် ဒုတိယဆုရကာ မြန်မာ့ဂုဏ်ကို ဆောင်နိုင်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ထံက သိရသည်။
အဆိုပါဓာတ်ပုံပြိုင်ပွဲကို Youth Eyes On The Silks ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်ကာ ကမ္ဘာတဝှမ်းလူငယ်များက ပိုးလမ်းမ၏ အစဉ်အလာ အမွေအနှစ်အပေါ် ဓာတ်ပုံများကတဆင့် မြင်တွေ့ခံစားနားလည်မှုကိုဖော်ပြသည့် အစီအစဉ်ဖြစ် ကြောင်းလည်း သိရသည်။
ယခုနှစ်အတွက် ပဉ္စမအကြိမ်မြောက်လူငယ်ဓာတ်ပုံပြိုင်ပွဲတွင် နေလင်းထွန်းက ရှမ်းပြည်နယ်ရှိ မွေတော်ကက္ကူူဘုရားတွင် မီးပူဇော်သည့်ဓာတ်ပုံဖြင့် ဒုတိယဆုရရှိခဲ့ခြင်းဖြစ်ကာ အဆိုပါပြိုင်ပွဲတွင် အသက် ၁၄ နှစ်မှ အသက် ၁၇ နှစ်နှစ်အတွင်း အုပ်စုနှင့် အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်း အုပ်စုဖြင့် အုပ်စုခွဲခြားကာ အဆိုပါအုပ်စု ၂ စုမှ ပြိုင်ပွဲဝင်များက ဓာတ်ပုံပေါင်း ၆၇၀၀၀ ကျော် ပေးပို့ခဲ့ကြခြင်း ဖြစ်သည်။
နေလင်းထွန်းက အသက် ၁၈ နှစ်မှ ၂၅ နှစ်အုပ်စုတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကာ မွေတော်ကက္ကူဘုရားတွင် ပအိုဝ်းတိုင်းရင်းသူများ ဆီမီးပူဇော်နေသည့်ဓာတ်ပုံဖြင့် ဒုတိယဆုရရှိခဲ့ခြင်းဖြစ်ပြီး ပထမဆုကို အသက် ၂၅ နှစ်အရွယ် အီရန် ဓာတ်ပုံ ဆရာက ရရှိကာ တတိယဆုကို အသက် ၂၁ နှစ်အရွယ် တရုတ်နိုင်ငံသားက ရရှိသွားခဲ့သည်။ မြန်မာနိုင်ငံသားလူငယ် ယှဉ် ပြိုင်ခဲ့သည့် ဓာတ်ပုံ၏ အမည်မှာ Light Between Temples, Myanmar ဟု ဖြစ်သည်။
အဆိုပါဓာတ်ပုံသည် မွေတော်ကက္ကူတွင် ဆီမီးပူဇော်သည့် ရိုးရာဓလေ့ကို ဖော်ထုတ်ပြသရုံသာမက ရှေးဟောင်းပိုးလမ်းမ ၏ ရှည်လျားသည့် အစဉ်အလာဓလေ့ကိုလည်း ဖော်ထုတ်ပြသနေသဖြင့် ယခုကဲ့သို့ ဆုချီးမြှင့်ခြင် ဖြစ်ကြောင်း သိရသည်။