၂၈. ၉. ၂၀၂၃
Written by Nay Moe
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ အမှတ်(၇) ရပ်ကွက်၊ ဗောဓိလမ်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှုးရုံးကို KNU/PDF ပူးပေါင်းအဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးမှု ယမန်နေ့ညက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၂၇ ရက် ည ၁၁ နာရီကျော်တွင် မြို့နယ်လဝရုံး မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဒေသခံ မီးသတ်တပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့တို့ စုပေါင်းကာ မီးငြှိမ်းသတ်ရာ စက်တင်ဘာ ၂၈ ရက် နံနက် ၁ နာရီကျော်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
“လဝကရုံးတစ်ခုလုံး အကုန်ကုန်သွားတာ။ ဒီမနက်တော့ မီးလောင်ထားတဲ့လဝကရုံး အခွံပဲကျန်တာတွေ့ရတယ်။ ဝန်ထမ်းတွေရော၊ စာရွက်စာတမ်းတွေရော၊ ဘယ်သူမှမရှိတော့ဘူး။ လဝကရုံးကြီးလည်း တံခါးဖွင့်လျက်ကြီး မီးလောင်ပြင်ကြီးအတိုင်းထားခဲ့တာ” ဟု ကော့ကရိတ်မြို့ခံတစ်ဦးက MT News သို့ပြောသည်။
တယ်လီဂရန် သတင်းဌာနများတွင်မူ ကော့ကရိတ်မြို့နယ် လဝကရုံးမီးလောင်မှုဖြစ်စဉ်တွင် ပေ ၄၀၊ ပေ ၉၀ အဆောက် အအုံတစ်ခုလုံး မီးလောင်ကျွမ်းသွားကြောင်း၊ စာရွက်စာတန်းများ ပျက်စီးထိခိုက်မှုမရှိကြောင်း၊ လက်ရှိအချိန်တွင် လဝကရုံးကို လုံခြုံရေးအခြေအနေအရ ကော့ကရိတ်မြို့၊ ဒေါနခန်းမတွင် ပြောင်းရွှေ့ဖွင့်လှစ်ထားကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။
နွေဦးတော်လှန်ရေးကာလအတွင်း ရွေးကောက်ပွဲပြုလုပ်မည်ကို ကြောက်ရွံသောကြောင့် NUG၊ PDF နှင့် EAOs များက ပစ်မှတ်ထားဖျက်ဆီးတိုက်ခိုက်သောရုံးများစာရင်းတွင် လဝကရုံးများလည်း ပါဝင်ပြီး ယနေ့အချိန်အထိ မြို့နယ်ပေါင်း ၂၀ ထက်မနည်း လဝကရုံးများဖျက်ဆီးတိုက်ခိုက်ခံထားရသလို နိုင်ငံ့ဝန်ထမ်းများဖြစ်သော လဝကဝန်ထမ်းများစွာလည်း သတ်ဖြတ်ခံထားရသည်။
ရွေးကောက်ပွဲများပြုလုပ်ရာတွင် လဝကတွင်ရှိသော အချက်အလက်တစ်ခုတည်းနှင့် လုပ်ကိုင်ခြင်းမဟုတ်ဘဲ မြို့နယ်ရွေး ကောက်ပွဲကော်မရှင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးများ၏ လူဦးရေစာရင်းများနှင့်ပါ တိုက်ဆိုင်ပြုလုပ်ခြင်းဖြစ်သဖြင့် NUG နှင့် PDF တို့၏ လဝကရုံးများကို ဦးတည်တိုက်ခိုက်မှုမှာ ရွေးကောက်ပွဲပြုလုပ်ခြင်းကို အနှောင့်အယှက်အနည်းငယ်သာဖြစ်စေသော်လည်း ဖျက်ဆီးခံရသည့် လဝကရုံးများရှိ ပြည်သူများ၏ ဘိုးစဉ်ဘောင် ဆက် မှတ်တမ်းများ ပျက်စီးဆုံးရှုံးခြင်း၊ ထိုမြို့နယ်မှ ပြည်သူများ မှတ်ပုံတင်ပြုလုပ်ခြင်း၊ နိုင်ငံကူးလက်မှတ်ပြုလုပ်ခြင်းများတွင် အခက်အခဲများစွာနှင့် ရင်ဆိုင်ရသည့် ဒုက္ခသာ ပြည်သူများ ရင်ဆိုင်ရကြောင်းလည်း သိရသည်။
ပုံစာ။ ကော့ကရိတ်မြို့နယ်လဝကရုံး မီးလောင်နေမှုနှင့် ယနေ့မြင်ကွင်း(Photo- Credit)