၂၈.၉.၂၀၂၃
Written by Peya
ပွဲစား၏ လိမ်လည်ပစ်ထားခြင်းကို ခံခဲ့ရသောကြောင့် ခိုကိုးရာမဲ့ဖြစ်နေသူ မလေးရှားနိုင်ငံရောက် အသက် ၅၀ အရွယ် မြန်မာအမျိုးသမီးကြီးကို ကူညီကယ်ဆယ်ထားကြောင်း မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)မှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
အခက်အခဲကြုံရသူ အမျိုးသမီးမှာ အသက် ၅၀ အရွယ် ဒေါ်ပုတင်ဆိုသူဖြစ်ပြီး တစ်ဦးတည်းသောသမီးဖြစ်သည့်အပြင် မိဘများက ငယ်စဉ်ကပင်ကွယ်လွန်ပြီး အဒေါ်ဖြစ်သူက မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်သို့ ခေါ်ယူခဲ့ကာ စောင့်ရှောက်ထားပြီးနောက် အိမ်ထောင်ချပေးခဲ့သော်လည်း ခြောက်လအကြာတွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားပြန်ကြောင်း အဆိုပါအသင်းက သိရသည်။
သားသမီးလည်း မကျန်ခဲ့သဖြင့် အခြားသူများ နိုင်ငံခြားက ငွေပို့သည်ကို ကြားသောကြောင့် အဒေါ်ကိုခွင့်ပန်ကာ ပွဲစားကို ငွေကျပ် သိန်း ၄၀ ပေးပြီး လွန်ခဲ့သော လေးလခန့်တွင် ရန်ကုန်ကတစ်ဆင့် မြိတ်မြို့ စသည်ဖြင့် ဖြတ်ကာ ထိုင်းနိုင်ငံက တစ်ဆင့် မလေးရှားနိုင်ငံသို့ တရားမဝင် ဝင်ရောက်ခဲ့သော်လည်း အသက်အရွယ်ကြောင့် မလေးရှားရှိ အလုပ်ရှင်များက လက်မခံခဲ့ကြကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။
“နောက်ဆုံးမှာ အီပို့မြို့က စားသောက်ဆိုင်မှာ သန့်ရှင်းရေးအလုပ်ရပေမယ့် ဘာသာစကားနားမလည်တာ၊ လူငယ်တွေနဲ့ ယှဉ်မလုပ်နိုင်တာအပြင် အလုပ်သွင်းပေးသူတွေရဲ့ လစာလိမ်တာကြောင့် လုပ်အားပေးသက်သက် ထမင်းစားရရုံပဲ ဖြစ်ခဲ့တယ်။ နှစ်လလောက်ကြာတော့ စလန်းကောပြည်နယ်၊ ပူချွန်းမြို့ကို ပွဲစားကြောင့်ရောက်လာပြီး အလုပ်လိုရင် ရင်းဂစ် ၇၀၀ ပေးရမယ်ဆိုလို့ ပိုက်ဆံပေးလိုက်ပေမယ့်လည်း ပူချွန်းမြို့ပရီမာရပ်ကွက် “ဖူးကော့” စားသောက်ဆိုင်နားက သစ်ပင်မှာ ခဏနေခဲ့ဆိုပြီး ထားခဲ့တာ ပြန်မလာတော့ဘူး” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
ဖူးကော့စားသောက်ဆိုင်ဝန်ထမ်းများက ဒေါ်ပုတင်ကို စောင့်ရှောက်ထားခဲ့ရာ နောက်ဆုံးတွင် အခက်ကြုံနေရသည့် ဒေါ်ပုတင်အကြောင်း ဆက်သွယ်သတင်းပေးလာသဖြင့် စက်တင်ဘာလ ၂၇ ရက် ညပိုင်းတွင် မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) က သွားရောက်တွေ့ဆုံကာ လိုအပ်သောအကူအညီများကို ဆောင်ရွက်ပြီး ခေါ်ဆောင်ပေးထားကြောင်း သိရသည်။