မန္တလေးမြို့ရှိ TEL နှင့် မဟာကိုယ်ပိုင်ကျောင်းများ ဗုံးခွဲခံရပြီးနောက် ကျောင်းပိတ်ရန် ခြိမ်းခြောက်လာခြင်းဖြစ်
MT News
မန္တလေးမြို့ရှိ TEL ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် မဟာကိုယ်ပိုင်အထက်တန်းကျောင်းတို့အား စက်တင်ဘာ ၂၅ ရက်က PDF များ ဗုံးခွဲမှုဖြစ်ပွားပြီးနောက် ယနေ့တွင် ကြံတိုင်းအောင်ကိုယ်ပိုင်အထက်ကျောင်း ယာယီပိတ်ရန် ခြိမ်းခြောက် သတိ ပေးစာအိတ်ကပ်သွားသည်ကို တွေ့ရှိခဲ့ကြောင်း ကျောင်းအုပ်ကြီး ဦးသန်းနိုင်ဦးထံမှ သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၂၇ ရက်(ယနေ့)မနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်တွင် ဖွင့်လှစ်ထားသော “ကြံတိုင်းအောင်”ကိုယ်ပိုင်အထက်တန်းကျောင်း အပေါက်ရှေ့တွင် သတိပေးစာအိတ်တစ်အိတ် တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါစာအိတ်အတွင်းမှ “သို့ ကြံတိုင်းအောင် ကျောင်းအုပ်ကြီးခင်ဗျား။ ဆရာတို့ကျောင်းကို ယာယီ ခဏပိတ်ထားပေးပါ။ ကျွန်တော်တို့ လုပ်စရာလုပ်ငန်းတာဝန်တွေရှိနေလို့ မေတ္တာရပ်ခံတာပါ။ ဒီမေတ္တာရပ်ခံချက်ကို လက်မခံဘဲ ကျောင်းဆက်ဖွင့်နေဦးမယ်ဆိုရင်တော့ ကျောင်းနှင့် ကျောင်းသား/ကျောင်းသူများ လုံခြုံရေးကို တာဝန်ယူမည် မဟုတ်ပါ။ မေတ္တာရပ်ခံချက်ကို လိုက်နာဆောင်ရွက်ပေးပါလို့လည်း တောင်းဆိုချင်ပါတယ်။ မေတ္တာရပ်ခံတာကို လက်မခံဘဲ ဆက်လက်ဖွင့်နေဦးမယ် ဆိုရင်တော့ ကျွန်တော်တို့ဘက်က (လုံးဝ) (လုံးဝ) တာဝန်မယူပါ”ဟု ဗလာစာရွက်ပေါ်တွင် လက်ရေးဖြင့် ရေးသားထားသော သတိပေးစာအား စာအိတ်ဖြင့်ထည့်၍ ကျောင်းရှေ့တံခါးတွင် ကပ်ခွာဖြင့် ကပ်လျက်တွေ့ရှိခဲ့ကြောင်း သိရသည်။
ယင်းသတိပေးစာတွေ့ရှိမှုကို သက်ဆိုင်ရာတာဝန်ရှိသူများအား အကြာင်းကြားခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျောင်းရှေ့ဝန်းကျင်ရှိ CCTV မှတ်တမ်းများ ကြည့်ရှု့စစ်ဆေးခြင်းများပြုလုပ်ပြီး သတင်းပေးစာကပ်သွားသူအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် လိုက်လံစုံစမ်းနေကြောင်းလည်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။