MT News
Written by Naing Thuta
တန်ဆောင်မုန်းလပြည့်နေ့တွင် မန္တလေးမြို့အတွင်းရှိ ဘုရား၊ စေတီပုထိုးများ၌ ကုသိုလ်ပြုဘုရားလာရောက်ဖူးမြော်သူများပြားလျှက်ရှိပြီး အပန်းဖြေနေရာများတွင်လည်း လာရောက်အပန်းဖြေအနားယူကြသူများဖြင့် စည်းကားသိုက်မြိုက်ခဲ့ကြောင်း သိရသည်။
” ကထိန်ရာသီမှာ ကထိန်သင်္ကန်းနဲ့ ကထိန်ပဒေသာပင်လှူဒါန်းရတာ ဗုဒ္ဓဘာသာဝင်များအတွက် အလွန်မွန်မြတ်လှပါတယ်။ ဒါပေမဲ့ ထွက်သာထွက်ရတာ အန္တရာယ်လည်း ကြည့်ရှောင်နေရတယ်။ ပြီးတော့ ဘာသာရေးပွဲတော်တွေကို နိုင်ငံရေးနဲ့မရောယှက်သင့်ပါဘူး။ အခုလိုဘုရားဖူးတွေနဲ့ အပန်းဖြေသူပေါများတော့ သူတို့ကို မှီခိုစားသောက်နေကြတဲ့ ပြည်သူတွေလည်းပြေလည်ကြတယ်” ဟု ဘုရားဖူးပြည်သူတစ်ဦးက ဆိုသည်။
မန္တလေးမြို့အတွင်းရှိ မဟာမြတ်မုနိဘုရားကြီး၊ မန္တလေးတောင်ဘုရား၊ ကျောက်တော်ကြီးဘုရား၊ စန္ဒာမုနိဘုရား၊ ကုသိုလ်တော်ဘုရား၊ ရန်ကင်းတောင်ဘုရား၊ ကျောက်စိမ်းဘုရား၊ စွယ်တော်မြတ်ဘုရားအသီးသီးတို့၌ ဘုရားလာရောက်ဖူးမြော်ခြင်း၊ ငါးများအား ဘေးမဲ့လွတ်ပေးခြင်းများ ကုသိုလ်ပြုလျှက်ရှိကြသည့်အပြင် အပန်းဖြေနေရာများဖြစ်ကြသည့် ရတနာပုံတိရစ္ဆာန်ဥယျာဉ်၊ ဦးပိန်တံတား၊ မနော်ရမံကလေးကစားကွင်း၊ မြို့တော်ဥယျာဉ်များတွင်လည်း လာရောက်အပန်းဖြေအနားယူကြသူများ အလွန်များပြားစွာဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
တန်ဆောင်တိုင်းရုံးပိတ်ရက်တွင် မန္တလေးရတနာပုံတိရစ္ဆာန်ဥယျာဉ်တွင်လည်း ကိုဗစ်ကာလကြောင့် ရပ်နားထားရသည့် အခါကြီးရက်ကြီးများနှင့် စနေတနင်္ဂနွေရက်များတွင်သာ ဥယျာဉ်လာမိဘပြည်သူများကို တိရစ္ဆာန်များဖြင့် ကပြဖျော်ဖြေမှုအစီအစဉ်တစ်ရပ်ကို ပြန်လည်ဖျော်ဖြေပေးခဲ့သောကြောင့် လာရောက်ကြည့်ရှုအားပေးသူများပြားကြောင်း ရတနာပုံတိရိစ္ဆာန်ဥယျာဉ်မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းတို့အပြင် ဗုဒ္ဓဘာသာဝင်များ၏ ဓလေ့ရိုးရာထုံးတမ်းအစဉ်အလာများဖြစ်ကြသည့် ကထိန်လှည့်လည်ခြင်း၊ စတုဒီသာများကျွေးမွေးခြင်း၊ ကလေးငယ်များမှ လူကြီးများထံ ပျော်ပွဲစားများတောင်းခံခြင်း၊ ဖျော်ဖြေမှုအစီအစဉ်များပြုလုပ်ကာ ကထိန်ပွဲအတွက် အလှူငွေများကောက်ခံခြင်း စသည့် မြတ်နိုးတန်ဖိုးထားဖွယ်ရာ မြင်ကွင်းများပါ မန္တလေးနေပြည်သူလူထုများထံ၌ တွေ့မြင်ခဲ့ရသည်။