October 19, 2024

၂၇. ၉. ၂၀၂၃
Written by Nay Moe

ကိုယ်ပိုင်ကျောင်းနှစ်ကျောင်းဗုံးခွဲခံရမှု၊ သားအဖနှစ်ဦးကို သတင်းပေးဟုဆိုကာ သတ်ဖြတ်မှုအပါအဝင် PDF အဖွဲ့ဝင်များ၏ တိုက်ခိုက်မှုများကြောင့် စက်တင်ဘာ ၂၅ ရက်တစ်နေ့တာအတွင်း လူ ၂ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရှိရသည်။

ဖြစ်စဥ်များမှာ စက်တင်ဘာ ၂၅ ရက် နံနက် ၆ နာရီ ၁၅ မိနစ်အချိန်တွင် ပဲခူးတိုင်း ဒေသကြီး၊ ရွှေကျင်မြို့၊ ဂန့်ဂေါ်ဝိုင်းရပ်ကွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးအရှေ့ ပျံကျဈေးအနီး ပေါက်ကွဲသံကြားရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ  ပျံကျဈေးအနီး ကျောင်းကြီးကုန်းတက်လမ်းဘေး၌ အကြမ်းဖက်သမား (စိစစ်ဆဲ)ထောင်ထားသည့် လက်လုပ်ရီမုမိုင်းတစ်လုံး ပေါက်ကွဲထားသည်ကိုတွေ့ရှိရပြီး ပေါက်ကွဲမှုကြောင့် ပျံကျဈေးတွင် ဈေးရောင်းချ နေသော အဆိုပါရပ်ကွက်နေ ဒေါ်မြခက်(၅၂)နှစ်တွင် ဝမ်းဗိုက် မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်ရရှိခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာအနီး လျှပ်စစ်ဓာတ်တိုင်မှ 11 KV မီးကြိုး ၁ ချောင်း၊ 400 ဗို့ မီးကြိုး ၂ ချောင်း ခန့်မှန်းတန်ဖိုးငွေ ၃၀၀,၀၀၀ ကျပ်ခန့် ပြတ်တောက်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ နံနက် ၇ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၈၁ လမ်း ၃၈x၃၉ လမ်းကြားရှိ “TEL” ကိုယ်ပိုင်အထက်တန်း‌ကျောင်းအား ၈၁ လမ်းအတိုင်း တောင်ဘက်မှ မြောက်ဘက်သို့ အကြမ်းဖက်သူ အမျိုးသားတစ်ဦးမောင်းနှင်ပြီး အမျိုးသမီးတစ်ဦးလိုက်ပါလာသည့် ဆိုင်ကယ်ပေါ်မှ အမျိုးသမီးက လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ကာ မောင်းနှင်ထွက်ပြေးသွားရာ လက်ပစ်ဗုံးမှာ “TEL” ကိုယ်ပိုင်အထက်တန်း‌ကျောင်းရှေ့ လမ်းမပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အခင်းဖြစ်နေရာအနီး ရောက်ရှိနေသည့် မဟာအောင်မြေ အရှေ့ရပ်ကွက်နေ ကိုကျော်ဇင်သက် (၂၁)နှစ်တွင် ဝဲခါးအနီး ဗုံးစထိမှန်ဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး လမ်းပေါ်တွင်ရပ်တန့်ထားသည့် Toyota Liteace မော်တော်ယာဉ်၏ ဝဲတံခါးမှန်တစ်ချပ် ခန့်မှန်း တန်ဖိုး ၁၀၀,၀၀၀ ကျပ်ခန့် ကွဲအက်ပျက်စီးခဲ့ကြောင်း  သိရသည်။

ထို့အတူ စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်အချိန်တွင် ချမ်းမြသာစည် မြို့နယ်၊ တမ္ပ၀တီရပ်ကွက် ၈၄x၈၅ လမ်းကြားရှိ “မဟာ”ကိုယ်ပိုင်အထက်တန်းကျောင်းအား ၈၄ လမ်းအတိုင်း တောင်ဘက်မှ မြောက်ဘက်သို့ ဆိုင်ကယ် ၂ စီးမောင်းနှင်စီးနင်းလာသည့် အကြမ်းဖက်သူ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦးတို့မှ လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ပေါက်ကာ ၈၅ လမ်းဘက်သို့ မောင်းနှင်ထွက်ပြေးသွားရာ လက်ပစ်ဗုံး ၂ လုံးမှာ “မဟာ”ကိုယ်ပိုင်အထက်တန်းကျောင်း အရှေ့ အလံတိုင်အုတ်ခုံအနီးသို့ ကျရောက်၍ ပေါက်ကွဲမှုမရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးပြီး စနစ်တကျဖောက်ခွဲရှင်းလင်းခဲ့ကြောင်း သိရသည်။

အလားတူ စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန်တွင် ငါန်းဇွန်မြို့နယ်၊ ပေါက်စိမ်းကျေးရွာအနီး တံတားဦး-မြို့သာ-မြင်းခြံကားလမ်းဘေး၌ အမျိုးသား ၂ ဦး သေဆုံးနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အခင်းဖြစ်နေရာ၌ မြင်းခြံမြို့နယ်၊ နဘူးအိုင်ကျေးရွာနေ ဦးမောင်လှ(ခ)ဦးလှနီ(၅၇)နှစ်နှင့် ၎င်း၏သား ကိုသိန်းဝေဦး (၃၈)နှစ်တို့ ၂ ဦးအား ဦးခေါင်း၊ ရင်ဘတ်နှင့် လက်တို့၌ ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၎င်းတို့ ၂ ဦးသည် စက်တင်ဘာလ ၂၄ ရက်နေ့ ည ၈ နာရီခွဲ အချိန်တွင် နေအိမ်၌ ရှိနေစဉ် PDF ၁၀ ဦး (စိစစ်ဆဲ) ရောက်ရှိလာပြီး လက်ပြန်ကြိုးတုပ်ကာ၊ မျက်နှာအား အဝတ်ဖြင့်စည်း၍ ဖမ်းဆီးခေါ်ဆောင်သွားပြီး အခင်းဖြစ်နေရာ အရောက်၌ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုဖြစ်စဥ်တွင် ဦးမောင်လှတို့သားအဖအား ဒလန်၊ သတင်းပေးဟုဆိုကာ PDF များက ဖမ်းဆီးသတ်ဖြတ်ကြခြင်းဖြစ်သည်ဟုလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *