October 19, 2024

◾ လက်ရှိတွင် ဒေါ်လာရောင်းလျှင် ဒေါ်လာပြနိုင်မှ၊ ဒေါ်လာဝယ်လျှင် အထောက်အထားပြနိုင်မှ Money Changer များ ဒေါ်လာဈေးနှုန်း ပြော

၂၇. ၉. ၂၀၂၃
Written by Nyein Kyaw

နိုင်ငံခြားငွေဈေးကစားသူများနှင့် နိုင်ငံခြားငွေလဲကောင်တာ (Money Changer) များကို ပြင်းပြင်းထန်ထန် အရေးယူနေမှုများကြောင့် ယနေ့တွင် ဒေါ်လာဈေး ကျပ် ၃,၂၅၀ ဝန်းကျင်သို့ ကျဆင်းခဲ့ကာ ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၃,၃၈၀,၀၀၀ (ကျပ် ၃၄ သိန်းအောက်သို့) ထပ်မံကျဆင်းလာခဲ့သည်။

ထို့ပြင် ဒီဇယ်တစ်လီတာ ကျပ် ၂,၇၀၀ ကျော်နှင့် ဓာတ်ဆီတစ်လီတာ ကျပ် ၂,၆၀၀ ကျော်အထိ မြင့်တက်ခဲ့သော ပြည်တွင်းစက်သုံးဈေးနှုန်းများလည်း လိုက်ပါကျဆင်းခဲ့ပြီး ယနေ့တွင် ပရီမီယံဒီဇယ် တစ်လီတာ ၂,၅၆၅ ကျပ်၊ ဒီဇယ်ရိုးရိုး တစ်လီတာ ကျပ် ၂,၄၉၀ ၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂,၃၂၅ ကျပ်၊ ဓာတ်ဆီ ၉၂ တစ်လီတာ ၂,၂၂၀ ကျပ်သာ ဖြစ်ပေါ်ခဲ့သည်။ နှစ်ပတ်အတွင်း ဒီဇယ်တစ်လီတာ ကျပ် ၁၆၀ ဝန်းကျင်နှင့် ဓာတ်ဆီတစ်လီတာ ကျပ် ၂၀၀ ကျော် ပြန်လည်ကျဆင်းလာခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်း ပြည်တွင်း၌ ဒေါ်လာဈေးနှုန်းသည် တစ်‌ဒေါ်လာ ကျပ် ၄,၀၀၀ ခန့်အထိ မြင့်တက်မှုများဖြစ်ခဲ့သည့်အတွက် ဗဟိုဘဏ်မှ နိုင်ငံခြားငွေဈေးကစားသူများအား အရေးယူဆောင်ရွက်ခြင်းကို ဩဂုတ်လ ၂၀ ရက်မှ စတင်‌ ဆောင်ရွက်ခဲ့ပြီး စက်တင်ဘာလ ၁၉ ရက်တွင်လည်း Money Changer ကုမ္ပဏီ ၁၂၃ ခုအထိကို ဗဟိုဘဏ်က လိုင်စင်များပြန်လည်ရုပ်သိမ်းသည်အထိ အရေးယူမှုများ ဆက်တိုက်ဆောင်ရွက်လာခဲ့သည်။

လက်ရှိအချိန်တွင် ‌ဒေါ်လာဈေးနှုန်းကျဆင်းရေးအတွက် အစိုးရမှပြင်းပြင်းထန်ထန် ကြပ်မတ်ဆောင်ရွက်နေပြီး လေပတ်ကားဈေးနှုန်း၊ အွန်လိုင်းပေါ်တွင် မဟုတ်မမှန်ပြောဆိုနေသူများကိုလည်း အရေးယူဆောင်ရွက်နေခြင်းဖြစ်သည်။ ထို့ကြောင့် နိုင်ငံခြားငွေကြေး အရောင်းအဝယ်လုပ်ကိုင်သူများနှင့် ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့်လည်း ဒေါ်လာဈေးနှုန်း မည်ကဲ့သို့ ဖြစ်လာမည်ကို ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“အဲဒီကိစ္စက တော်တော်လေးကိုကြပ်နေတယ်။ ဘယ်သူမှတော့ ဖြေပေးမှာမဟုတ်ဘူး” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

လက်ရှိတွင် နိုင်ငံခြားငွေဖြင့် လစာရရှိနေသူများအနေဖြင့်လည်း မိမိရရှိသည့် လစာငွေများကို ပြည်တွင်းဘဏ်တစ်ခုခုတွင် Special အကောင့်ဖွင့်လှစ်ကာ သတ်မှတ်ဈေးနှုန်း တစ်‌ဒေါ်လာ ကျပ် ၂,၉၀၀ ကျော်ဖြင့် ထည့်သွင်းလဲလှယ်ရကြောင်း၊ လစာမဟုတ်သည့် အခြားသော ဝင်ငွေအပိုရရှိသည့် ဒေါ်လာများကို ပြန်လည်ရောင်းချရာတွင်လည်း ငွေလဲကောင်တာ (Money Changer)များတွင် ရောင်းချလိုသည့် ဒေါ်လာပမာဏကို ပြသနိုင်မှသာ ဈေးနှုန်းပြောဆိုခြင်းဖြစ်ကြောင်း သိရသည်။

“သင်္ဘောသားတွေရဲ့ လစာကို ၂,၉၀၀ ကျော်နဲ့ Special အကောင့်တွေ့ထဲ ထည့်ခိုင်းတာ။ အခုလစာမဟုတ်တဲ့ အပြင်ဒေါ်လာတွေရှိတယ်။ အဲဒါတွေကျတော့ အပြင်မှာ အခု ၃,၃၀၀ ပတ်ချာလည်နဲ့ ရောင်းနေရတယ်။ အရင်တုန်းက ငြိမ်သွားတာ ၂,၈၅၀ နဲ့ ငြိမ်နေတာ။ အပြင်အရောင်းအဝယ်နဲ့က တစ်ဆယ်၊ နှစ်ဆယ်လောက်ပဲကွာတာ။ အဲဒီကနေ ဇူလိုင်လကုန်လောက်ကစပြီး တက်သွားတာ ၃,၉၀၀ ကျော်အထိဖြစ်သွားတာ။ သင်္ဘောသားတွေကို ၂,၉၃၀၊ ၂,၉၄၀ နဲ့ပဲ ရှင်းပေးတာ။ အခုတောင်မှ ဒေါ်လာဝယ်တာမဟုတ်ဘူး။ ရောင်းမယ်ဆိုတာတောင် ရောင်းနေကျ Money Changer တွေက ဒေါ်လာပြပြီးမှ ငွေဈေးပြောတာတွေရှိတယ်။ သူတို့ကတော့ ရောင်းနေကျဈေးမှန်တဲ့သူတွေပေါ့” ဟု သင်္ဘောသားတစ်ဦးက ပြောသည်။

ပြင်ပဈေးကွက်တွင် ရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများ ဖြစ်ပေါ်မှုအခြေအနေမှာ စက်တင်ဘာလ ၂၃ ရက်တွင် ရွှေဈေးနှုန်း ၃,၅၃၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၄၁၀ ကျပ်၊ စက်တင်ဘာလ ၂၄ ရက်တွင် ရွှေဈေးနှုန်း ၃,၅၅၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၄၂၀ ကျပ်၊ စက်တင်ဘာလ ၂၅ ရက်တွင် ရွှေဈေးနှုန်း ၃,၄၈၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၃၅၀ ကျပ်၊ စက်တင်ဘာလ ၂၆ ရက်တွင် ရွှေဈေးနှုန်း ၃,၄၀၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၃၀၀ ကျပ် ဖြစ်ပေါ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *