October 19, 2024

၂၇.၉.၂၀၂၃
Written by Peya

No More Bets ရုပ်ရှင်ဇာတ်ကားကြောင့် မြန်မာနိုင်ငံ၏ပုံရိပ် ထိခိုက်မှုနှင့်ပတ်သက်၍ မြန်မာကောင်စစ်ဝန်ချုပ်က တရုတ် ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နိုင်ငံခြားရေးရုံးတာဝန်ရှိသူကို ရှင်းလင်းပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနထံက သိရသည်။

အဆိုပါရုပ်ရှင်ကားသည် အွန်လိုင်းလိမ်လည်မှု ဒဏ်ခံခဲ့ရသည့် ဇာတ်ကောင်များအကြောင်းကို ရိုက်ကူးထားခြင်းဖြစ်ပြီး ဇာတ်လမ်းဇာတ်ကွက်များထဲတွင် မြန်မာနိုင်ငံနှင့်ပတ်သက်သည်များ ပါဝင်နေသည့်အတွက် တရုတ်နိုင်ငံသားများက မြန်မာ နိုင်ငံသို့ လာရောက်ရန် စိုးရိမ်မှုများ ရှိနေကြောင်းသတင်းလည်း ထွက်ပေါ်နေခြင်း ဖြစ်သည်။

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ နန်နင်းမြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်းသည် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နိုင်ငံခြားရေးရုံးမှ ညွှန်ကြားရေးမှူး Ms. Lian Yin အား စက်တင်ဘာလ ၂၆ ရက်တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ထိုသို့တွေ့ဆုံစဉ် ကောင်စစ်ဝန်ချုပ်က မြန်မာအစိုးရ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်အညီ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးအပါအဝင် ဒီမိုကရေစီဖော်ဆောင်ရေးတို့တွင် ဖြစ်ပေါ် တိုးတက်မှု အခြေအနေများ၊ တရုတ်နိုင်ငံက ရိုက်ကူးသည့် No More Bets အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို ပြီးခဲ့သည့်လများအတွင်း တရုတ်နိုင်ငံတွင်းနှင့် ကမ္ဘာတစ်ဝန်း ရုံတင်ပြသခဲ့ရာ မြန်မာနိုင်ငံ၏ပုံရိပ်ကို ညှိုးနွမ်းထိခိုက်စေခဲ့ခြင်းနှင့်ပတ်သက်၍ အွန်လိုင်းရာဇဝတ်မှုများ တိုက်ဖျက်ရေး၌ မြန်မာအစိုးရအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးခဲ့သည့်အပြင် မြန်မာနိုင်ငံ၊ ပညာရေးဝန်ကြီးဌာနနှင့် ကွမ်ရှီးဒေသ၊ ပညာရေးဦးစီးဌာနတို့အကြား ပညာရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေးကိစ္စရပ်ကို ဆွေးနွေးပြောကြားခဲ့ခြင်း ဖြစ်သည်။

Ms. Lian Yin က မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ဆွေးနွေးပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ ရုပ်ရှင်ဇာတ်ကားနှင့် ပတ်သက်၍လည်း အများပြည်သူများအနေဖြင့် အစိုးရများ၏ ရာဇဝတ်မှုတိုက်ဖျက်ရေးနှင့် ပတ်သက်သည့် တရားဝင်ထုတ်ပြန်ချက်များ၊ သတင်းများကိုသာ ယုံကြည်သင့်ပါကြောင်း၊ နိုင်ငံများ၏ အစိုးရများအကြား ပူးပေါင်းဆောင်ရွက်မှုများ၏ အောင်မြင်မှုများကိုကြည့်ခြင်းဖြင့် အစိုးရများ၏ သဘောထားများကို တွေ့မြင်နိုင်မည် ဖြစ်ပါကြောင်း၊ ကွမ်ရှီးဒေသအစိုးရကလည်း မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများနှင့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို အလေးထားပါကြောင်းနှင့် ပညာရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေးကိုလည်း ကွမ်ရှီးဒေသ၊ ပညာရေးဦးစီးဌာနနှင့် ပူးပေါင်းကာ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည် ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *