October 19, 2024

ဓာတ်ပုံ - ရောင်စုံမေတ္တာ လူမှုကူညီရေး အသင်း

၂၇.၉.၂၀၂၃
Written by Hey Mar

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ နွားကူးကျေးရွာမှာ နေအိမ်တစ်လုံးမီးလောင်ပြီး နေအိမ်မှာ တစ်ဦးတည်းကျန်ခဲ့တဲ့ ဆယ်ကျော်သက်အရွယ် ပိုလီယိုရောဂါသည်တစ်ဦး မီးထဲလောင်ကျွမ်းသေဆုံးသွားတယ်လို့ မကွေးတိုင်းဒေသကြီး ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းကနေ သိရပါတယ်။

မီးလောင်ကျွမ်းမှုဖြစ်စဉ်ဟာ ဒီနေ့ နေ့လည် ၁ နာရီ မိနစ်၂၀ အချိန်မှာ လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်မှုသတင်းအရ မီးသတ်တပ်ဖွဲ့နဲ့ ဒေသခံလူမှုကူညီရေးအသင်းတွေ သွားရောက်ခဲ့ပြီး ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

“မီးဘာကြောင့်လောင်လဲဆိုတာတော့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတုန်းပါ။ သူတို့မိသားစုတွေရဲ့ အသေးစိတ်တော့ မသိသေးပါဘူး။ သူတို့က အိမ်ဝိုင်းတစ်ဝိုင်းထဲမှာ နှစ်အိမ်ရှိတဲ့ သဘော။ လောင်တာက အနောက်အိမ်က စတာပေါ့။ အရှေ့အိမ်ကိုတော့ ဘေးနီးဘေးနားတွေက ဝိုင်းငြှိမ်းကြလို့ မီးမကူးလိုက်ဘူး။ အညာအိမ်တွေက ထရံအိမ်တွေဆိုတော့ လောင်အားကောင်းတယ်။ မီးအားပြင်းလွန်းတော့ သူတို့လည်း အိမ်ထဲက ကလေးကို တက်မဆွဲလိုက်နိုင်ဘူး” လို့ ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ဆိုပါတယ်။

အဆိုပါမီးလောင်မှုကြောင့် အသက် (၁၄) နှစ်အရွယ် ပိုလီယိုရောဂါခံစားနေရတဲ့ ယောက်ျားလေးတစ်ဦး မီးလောင်သေဆုံးခဲ့ပြီး ရုပ်အလောင်းကို KS Recuse Magway လူမှုကူညီရေးအသင်းကားနဲ့ မကွေးမြို့ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *