October 18, 2024

၂၇.၉.၂၀၂၃
Written By Thandar

ရယ်စရာလှိုင်လှိုင် ဟားစတိုင်လူရွှင်တော်အဖွဲ့ ဦးဆောင်ပြီး ဇာတ်သဘင်-ရုပ်ရှင်သက်ကြီးဝါကြီး အနုပညာရှင်လူရွှင်တော်ကြီးတွေကို ထောက်ပံ့ကူညီကန်တော့ပွဲအခမ်းအနား ဒီနေ့ စက်တင်ဘာ ၂၇ ရက် မနက် ၉ နာရီက ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် (၄၆) ရပ်ကွက်ရှိ AAA သုံးလုံးခန်းမမှာ ကျင်းပခဲ့ပါတယ်။

“ဟာသပညာရှင်များအစည်းအရုံး(ဗဟို)က လူရွှင်တော်တွေကို တစ်နှစ်မှတစ်ခါ ကန်တော့တာပါ။ အစည်းအရုံးက တစ်နိုင်ငံလုံးခြုံပြီး ထောက်ပံ့ရတာဖြစ်တဲ့အတွက် အမြဲတမ်းမထောက်ပံ့နိုင်ဘူး။ ဒါကို ကျွန်တော်တို့က လမ်းစဖောက်တဲ့အနေနဲ့ အခုလိုမျိုးလုပ်တာပါ။ ကျွန်တော်တို့အဖွဲ့ လုပ်တာမျိုးကိုကြည့်ပြီး နောက်နောင် အဖွဲ့တွေလည်း လှူနိုင်အောင် နှိုးဆော်ပေးတဲ့ သဘောပါ” လို့ ဟားစတိုင်လူရွှင်တော်အဖွဲ့က ဟာသလူရွှင်တော် စတားကောင်းထက်က ပြောပါတယ်။

အဆိုပါ အခမ်းအနား‌မှာ ကန်တော့ခံ လူရွှင်တော်ကြီးတွေက အမှတ်တရတေးသီချင်းတွေ သီဆိုပြီး အခမ်းအနားဖွင့်လှစ်ခဲ့ပြီး လူရွှင်တော် စတားကောင်းထက်က ကန်တော့ပွဲဖြစ်ပုံလာပုံကို အကျဉ်းချုပ်တင်ပြခဲ့ပါတယ်။

ဇာတ်သဘင်နဲ့ ရုပ်ရှင်သက်ကြီး၀ါကြီး အနုပညာရှင်ကြီးတွေဖြစ်တဲ့ တိမ်ညွှန့်၊ နေကျော်၊ မတူး၊ ပေါလေး၊ စံမိုး၊ မန်းကျော် အပါအဝင် သက်ကြီး အနုပညာရှင် ၂၇ ဦးကို ငွေကြေးကန်တော့ ပစ္စည်းတွေလှူတန်းပြီး ကန်တော့ခဲ့ကြပါတယ်။

“စတားကောင်းထက်ဆိုရင်လည်း အန်တီ့ကိုဆိုရင် တစ်ခန်းရပ်ပြဇာတ်လေးတွေ ရိုက်ဖို့ခေါ်ပေးပါတယ်။ ကလေးတွေက အန်တီတူး အပါအ၀င် လူရွှင်တော် သက်ကြီး ၂၇ ယောက်ကို သူတို့ရဲ့ ချွေးနည်းစာလေးတွေနဲ့ ကန်တော့ကြတာပါ။ ဒီလိုမျိုး သက်ကြီးလူရွှင်တော်တွေ ဒုက္ခရောက်နေတဲ့ လူကြီးတွေကို တပိုင်တနိုင်ကူညီပေးတာကို ဝမ်းသာပါတယ် “လို့ သရုပ်ဆောင် မတူးက ပြောပါတယ်။

မြန်မာ့ရုပ်မြင်သံကြားက အပတ်စဉ် ထုတ်လွှင့်လျှက်ရှိတဲ့ ဟာသမြို့တော် အစီအစဉ်က ရိုက်ကူးခ အကျိုးအမြတ်တွေကို မ,တည်ပြီး ချစ်ခင်ရတဲ့ ပရိသတ်တွေ စုပေါင်းကာ သက်ကြီးအနုပညာရှင်ကြီးတွေကို ကန်တော့တာလည်းဖြစ်ပါတယ် ။

သက်ကြီးအနုပညာရှင်၂၇ ဦး အပြင် နွမ်းပါးပြီး လာရောက်အကူအညီတောင်းခံထားတဲ့ သက်ကြီးအနုပညာရှင်ကြီး ၉ ဦးကိုလည်း အိမ်တိုင်ရာရောက် ငွေကြေး၊ ကန်တော့ပစ္စည်းတွေကို သွားရောက်ကန်တော့သွားမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *