October 19, 2024

၂၇. ၉. ၂၀၂၃
Written by Nay Aung

အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်သောလုပ်ငန်းများတွင်တိုက် ရိုက်ပါဝင်ပတ်သက်နေကြောင်း ကုလသမဂ္ဂဆိုင်ရာအိန္ဒိယသံအမတ်ကြီးက ထုတ်ဖော်ပြောဆိုလိုက်သည်။

ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် အိန္ဒိယနိုင်ငံထဲသို့ မြန်မာနိုင်ငံသားများ နေရပ်စွန့်ခွာပြီး လာရောက်နေထိုင်မှုများနေကြောင်း စက်တင်ဘာ ၂၆ ရက်နေ့က ကျင်းပခဲ့သော ကုလသမဂ္ဂ လူအခွင့်ရေးကောင်စီအစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုရာတွင် ထိုသို့ပြောဆိုလိုက်ကြောင်း သိရသည်။

ကုလသမဂ္ဂဆိုင်ရာအိန္ဒိယသံအမတ်ကြီး အန်ဒရာမာနီပန်ဒေးက “အိန္ဒိယနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့အတွက် မြန်မာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ တိုက်ရိုက်ပါဝင်ဆက်နွှယ်နေတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအငြင်းပွားမှုတွေ၊ ပဋိပက္ခဖြစ်မှုတွေ ဆက်လက်ဖြစ်ပွားနေတာတွေက အိန္ဒိယနိုင်ငံထဲကို မြန်မာနိုင်ငံသားတွေ နေရပ်စွန့်ခွာလာရောက်နေထိုင်မှု များလာစေတယ်။ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေ တိုးမြင့်လာနေတာတွေကိုလည်း တွေ့မြင်နေရတယ်။ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေက အိမ်နီးချင်းနိုင်ငံတွေအပေါ် သက်ရောက်မှုတွေ ရှိနေတာကို ထည့်သွင်းစဉ်းစားဖို့လိုပါတယ်”ဟုပြောသည်။

အိန္ဒိယအစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရက်တစ်စနစ်ဖြစ်စေရန်၊ အားလုံးပါဝင်သော အသွင်ကူးပြောင်းမှု၊ အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် အငြင်းပွားမှုများကို အဖြေရှာရန်၊ ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရန်နှင့် အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန် ထပ်မံတိုက်တွန်းတောင်းဆိုကြောင်း အိန္ဒိယသံအမတ်ကြီးက ပြောသည်။

အိန္ဒိယသံအမတ်ကြီး ပန်ဒေးက “မြန်မာ့နိုင်ငံရေး အငြင်းပွားမှုတွေ ဖြေရှင်းနိုင်အောင် အာဆီယံအဖွဲ့ဦးဆောင်တဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံပါတယ်။ မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေများနဲ့ပတ်သက်ပြီး နိုင်ငံရေးနည်းလမ်းနဲ့အဖြေရှာနိုင်ဖို့ ကုလ သမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကိုလည်း ထောက်ခံမှုဆက်လက်လုပ်ဆောင်သွားမှာပါ” ဟုပြောသည်။

အိန္ဒိယနိုင်ငံအနေဖြင့် စိန်ခေါ်မှုများ ရင်ဆိုင်နေရသော်လည်း မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီများအပြင် စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်ခဲ့ကြောင်း အိန္ဒိယသံအမတ်ကြီးကပြောသည်။

Ref;Aninews

Leave a Reply

Your email address will not be published. Required fields are marked *