October 19, 2024

၂၇.၉.၂၀၂၃
Written by Peya

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့ရှိ ဒလရဲစခန်းမှ အချုပ်သား ၆ ဦး ထွက်ပြေးသွားသည့် ဖြစ်စဉ်တွင် ထွက်ပြေးသူ အားလုံးကို ဖမ်းမိပြီ ဖြစ်ကြောင်း MT News သတင်းဌာနက မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၆ ရက် နံနက် ၂ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ဒလမြို့မရဲစခန်းမှ တရားခံခြောက်ဦးသည် အချုပ်ခန်းခေါင်မိုး သစ်သားတန်းများအားခွာ၍ မိုးကာထားသော သွပ်ပြားများအားလှန်ကာ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကာ ထွက်ပြေးသွားသူများအနက်မှ တရားခံလေးဦးအား ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း ‌နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က မေးမြန်းမှုအပေါ် ဖြေကြားထားပြီးနောက် ယခုအခါ အားလုံးကို ပြန်လည်ဖမ်းမိကြောင်း သတင်းထွက်ပေါ်ခြင်း ဖြစ်သည်။

“လေးယောက်ကိုတော့ အရင်ဖမ်းမိတယ်။ နောက်တစ်ယောက်ကို ဒီနေ့ မနက်ပိုင်းမှာ ထပ်မိတယ်လို့ သိရတယ်” ဟု ရဲတပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦးက MT News သတင်းဌာနသို့ ပြောကြားသည်။

ထို့နောက် Ba Nyunt တယ်လီဂရမ်ချန်နယ်တွင် ထွက်ပြေးသူများ၏ ဓာတ်ပုံနှင့်အတူ အားလုံးကို ဖမ်းမိပြီဖြစ်ကြောင်း ပြန်လည်ဖော်ပြလာခဲ့ကြောင်း တွေ့မြင်ရကာ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ရန် MT News သတင်းဌာနက ကြိုးပမ်းနေပါသည်။ ထွက်ပြေးသူများထဲတွင် မူးယစ်ဆေးဝါးမှုနှင့် လုယက်မှုများဖြင့် တရားစွဲဆို ချုပ်နှောင်ထားသူများဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *