October 19, 2024

၂၇. ၉. ၂၀၂၃
Written by Nay Aung

ထိုင်းနိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားနှစ်ဦး အငြင်းပွားရာမှ ဓားထိုးမှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးသွားခဲ့ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြထားသည်။

Nakhon Pathom ပြည်နယ် Sam Phran ဒေသ၊ အမှတ် (၄)ကျေးရွာရှိ အိမ်တစ်အိမ်တွင် စက်တင်ဘာ ၂၆ ရက်နေ့က ဓားထိုးမှုဖြစ်ပွားသည်ဆိုသောသတင်းကို လက်ခံရရှိခဲ့ပြီးနောက် သွားရောက်စစ်ဆေးခဲ့ရာ အသက် ၂၇ နှစ်အရွယ်ရှိ မြန်မာ နိုင်ငံသား “ဖြိုး” ဆိုသူကို သွေးအိုင်ထဲတွင် လဲကျသေဆုံးနေသည်ကိုတွေ့ရှိခဲ့ကြောင်း၊ လူသတ်မှုကျူးလွန်ခဲ့သော အသက် ၃၀ အရွယ်ရှိ မြန်မာနိုင်ငံသား “ထွန်း” ဆိုသူကို ငှားရမ်းနေထိုင်နေသည့်အိမ်ခန်းနားတွင် တွေ့ရှိဖမ်းဆီးခဲ့ကြောင်း၊ ထိုင်း Pho Kaeo ရဲစခန်းမှ ရဲမှူး Kampanart Na Wichai ကပြောသည်။

မြန်မာနိုင်ငံသားနှစ်ဦးသည် သူငယ်ချင်းများဖြစ်ပြီး အမှတ် (၄) ကျေးရွာရှိအိမ်ကို ငှားရမ်းနေထိုင်သူများဖြစ်ပြီး အငြင်းပွားမှုဖြစ်ပွားရာမှ တစ်ဦးနှင့်တစ်ဦး ဓားထိုးမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။ လူသတ်မှုကျူးလွန်ခဲ့သော မြန်မာနိုင်ငံသားနှင့်အတူ အရှည် ၃၀ စင်တီမီတာရှိ သစ်သီးလှီးဓားကိုလည်း တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း၊ တစ်ဦးနှင့်တစ်ဦး စိန်ခေါ်ရာမှ ဓားဖြင့်ထိုးသတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

ကနဦးစုံစမ်းစစ်ဆေးမှုများအရ မြန်မာနိုင်ငံသားနှစ်ဦးသည် ဘောလုံးအတူ ကစားခဲ့ပြီးနောက် ငှားရမ်းနေထိုင်သည့်အိမ်ခန်းကို ပြန်လာချိန်တွင် အငြင်းပွားရန်ဖြစ်ခဲ့ပြီး ဓားများကိုင်ဆောင်ကာ တစ်ဦးနှင့်တစ်ဦး စိန်ခေါ်စကားဆိုကာ ထွန်းဆိုသည့်မြန်မာနိုင်ငံသားက အတူနေသူငယ်ချင်းဖြစ်သူကို ဓားဖြင့်အချက်ပေါင်းများစွာ ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲမှူး Kampanart Na Wichai ကပြောသည်။ လက်ရှိအချိန်တွင် ထွန်းအမည်ရှိ မြန်မာနိုင်ငံသားကို ထပ်မံစုံစမ်းစစ်ဆေးကာ လူသတ်မှုဖြင့် စွဲချက်တင်သွားမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောသည်။

Ref; siamrath

Leave a Reply

Your email address will not be published. Required fields are marked *