October 19, 2024

၂၇.၉.၂၀၂၃
Written by Peya

တာချီလိတ်မြို့က သုသာန်တစ်ခုတွင် စွန့်ပစ်ထားသော မွေးကင်းစကလေးငယ်ကို ငိုသံကြောင့် ရှာဖွေတွေ့ရှိခဲ့ရပြီး အသားအနည်းငယ် ဝါနေသည့်အတွက် ဆရာဝန်နှင့် ပြသထားကြောင်း ဦးလှမိုး တာချီလိတ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၆ ရက် ညနေပိုင်း ၄ နာရီခွဲ အချိန်ခန့်က ကလေးငယ်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကာ ညပိုင်း ၇ နာရီအချိန်ခန့်တွင် ဦးလှမိုး တာချီလိတ်လူမှုကူညီရေးအသင်းက ခေါ်ယူခဲ့ပြီး အသင်း၏ မိုးမေတ္တာပရဟိတ လူငယ်ဖွံဖြိုးရေးဂေဟာတွင် ပြုစုစောင့်ရှောက်သွားမည်ဖြစ်ကြောင်း သိရသည်။

“မနေ့ကမှ မွေးထားတဲ့ ကလေးလေးပါ။ အရပ်ထဲက ကလေးကို တွေ့တော့ တချို့ကလည်း မွေးမယ် ဘာညာပေါ့။ အရပ်ထဲက သဘောမတူညီကြဘူးပေါ့။ ဦးလှမိုးဆီမှာဆို လုံခြုံတယ်။ ကလေးအတွက် နောင်ရေးလည်း မပူရဘူးပေါ့။ ကလေးကို အပ်ဖို့ သဘောတူတာနဲ့ အန်တီတို့ကို အပ်နှံတာပါ” ဟု အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

စွန့်ပစ်ကလေးငယ်မှာ အသားအနည်းငယ်ဝါနေသည့်အတွက် ဆရာဝန်ကို ပြသထားရပြီး ချက်တွင်လည်း အနာရင်းနေကြောင်း တွေ့ရကာ ကလေးငယ်၏ ကျန်းမာရေးအတွက် စောင့်ရှောက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“သုဿာန်ရဲ့အစွန်လောက်မှာ ကလေးကိုထားထားတယ်လို့ အန်တီထင်တယ်။ ကားတစ်စီးဝင်လာတော့ ကားက နောက် ဆုတ်မယ်လုပ်တာမှာ ကလေးငိုသံကြားလို့ မဆုတ်တော့တာလို့ ပြောတယ်။ မဟုတ်ရင် တိုက်မိမှာ။ ဒါကတော့ သိရသလောက်ဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

ဓာတ်ပုံ- ဦးလှမိုး တာချီလိတ်လူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *