October 19, 2024

၂၇.၉.၂၀၂၃

translated by Htwe Ko Tun

အီရတ်နိုင်ငံမြောက်ပိုင်း Nineveh ပြည်နယ်အတွင်း စက်တင်ဘာ ၂၆ ရက်ညက မင်္ဂလာပွဲတစ်ခုကျင်းပနေစဉ် မီးလောင်ကျွမ်းမှုတစ်ရပ်ဖြစ်ပွားခဲ့ရာ အနည်းဆုံး ၁၁၃ ဦးသေဆုံးပြီး လူ ၁၅၀ ကျော်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

Nineveh ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဟတ်ဆန်အယ်လ်အလက်က မီးလောင်မှုမှာ စက်တင်ဘာ ၂၆ ရက်ည၊ ခန့်မှန်း ဒေသစံတော်ချိန် ည ၁၀ နာရီ ၄၅ မိနစ် (ဂရင်းနစ်စံတော်ချိန် ၁၉း၄၅ နာရီ) တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။ ၎င်းက မီးလောင်မှုတွင် ၁၁၃ ဦးသေဆုံးခဲ့ပြီဟု အတည်ပြုပြောကြားခဲ့သည်။

သို့သော် စက်တင်ဘာ ၂၇ ရက် နံနက်တွင်မူ ပြည်နယ်အုပ်ချုပ်ရေးမှူး နာဂျင်အယ်လ်-ဂျူဘိုရီက မီးလောင်မှုကြောင့် သေဆုံးသူဦးရေမှာ ထပ်မံမြင့်တက်လာသောကြောင့် နောက်ဆုံးအတိအကျစာရင်းကို မပြောနိုင်သေးကြောင်း သတိထားမိသည်ဟု ဆိုခဲ့သည်။

အီရတ်အစိုးရကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆာအစ်ဖ်အယ်လ်-ဘတ်ကလည်း မီးလောင်မှုဒဏ်ကို ခံရသူများအား ထောက်ပံ့ကယ်ဆယ်မှုပြုရန် အားထုတ်မှုများအစွမ်းကုန်ဆောင်ရွက်သွားမည်ဟု ပြောခဲ့သည်။

မီးလောင်မှုက ဘက်ဂဒက်မြို့၏ အနောက်မြောက်ဘက် ကီလိုမီတာ ၄၀၀ (မိုင် ၂၅၀) အကွာ မိုဆူးလ်မြို့၏အပြင်ဘက်ရှိ Nineveh ပြည်နယ်၏ ဟမ်ဒါနီရာခရိုင်အတွင်း ညစာစားပွဲဆောင်တစ်ခု၌ လောင်ကျွမ်းခဲ့ခြင်းလည်းဖြစ်သည်။ မင်္ဂလာအခမ်းအနားတွင်အသုံးပြုခဲ့သော မီးရှုးမီးပန်းများကစ၍ မီးလောင်ကျွမ်းခြင်းဖြစ်နိုင်ကြောင်းလည်း မြို့ပြကာကွယ်ရေးအာဏာပိုင်များက စက်တင်ဘာ ၂၇ ရက် နံနက်တွင် ပြောခဲ့သည်။

အဆောင်တည်ဆောက်ရာတွင် မီးစွဲတောက်လွယ်သော ကုန်ကျစရိတ်နည်းသည့်ပစ္စည်းများ သုံးထားခြင်းကြောင့်လည်း ယခုကဲ့သို့ မီးပြင်းထန်စွာလောင်ကျွမ်းရခြင်းဟု သံသယရှိကြသည်။

အီရတ်နိုင်ငံအတွင်း မင်္ဂလာပွဲအခမ်းအနားများ၌ မီးရှုးမီးပန်းများပစ်ဖောက်လေ့ရှိကြပြီး မီးလောင်ကျွမ်းချိန်၌ အဆိုပါမင်္ဂလာပွဲသို့ တက်ရောက်နေသူ ၁,၀၀၀ ခန့်ရှိကြောင်းလည်း သိရသည်။

Ref—- Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *