MT News
Written By Thandar
ရိုမန့်ဇာတ်လမ်းပုံစံ “မုန်းခွင့်” ရုပ်ရှင်ဇာတ်ကား Premier Show ကို စက်တင်ဘာ ၂၆ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတ ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“မုန်းခွင့် ဇာတ်ကားက ကျွန်တော်ရဲ့ ဒုတိယမြောက်ဖန်တီးထားတဲ့ ရုပ်ရှင်ကားပါ။ အချစ်ဇာတ်လမ်းလေးပါ။ ရည်ရွယ်မိုးနဲ့ မတူတဲ့ ပုံစံလေးပါ။ ဒီကားလေးကို ကြိုက်ပါတယ်။ ပရိသတ်တွေလည်း ကြိုက်မယ်ထင်ပါတယ်။ စကားလုံးတွေလည်း ခေတ်နဲ့အညီ ဖန်တီးထားရတာတွေ ပါတယ်။ မုန်းခွင့်က ရသတစ်မျိုးနဲ့ ပရိသတ်တွေခံစားရမှာပါ ” လို့ ဒါရိုက်တာ စိုးမိုးမင်းက ပြောပါတယ်။
ဇာတ်လမ်း၊ ဇာတ်ညွှန်းကို ဒီဒီထက်အောင်က ရေးသားပြီး ဒါရိုက်တာစိုးမိုးမင်းက သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ ရွှေထူး၊ အကယ်ဒမီ ခင်ဝင့်ဝါ၊ မေမြင့်မိုရ်၊ ဟင်နရီ၊ မင်းသူ၊ ငှက်ပျော်ကြော်၊ မောင်ကင်း၊ ဇွဲ၊ ရဲရင့်စည်သူအောင်၊ ဆုမြတ်ရည်၊ မေသဇင်မြင့်အောင်၊ ရွှန်းလဲ့နေခြည်၊ ဆုပိုပိုထွန်း၊ နှင်းရတီထက်၊ ဒီးဒီပိုး၊ သုန္ဒြေအောင် စတဲ့အနုပညာရှင်တွေနဲ့ ရိုက်ကူးထားပါတယ်။
“မုန်းခွင့် ဇာတ်ကားမှာ မေက စံပယ်ဖြူဆိုတဲ့ ကာရိုက်တာက ပါဝင်ထားတာပါ။ ဒီကာရိုက်တာက မေ့အတွက် Challenge ဖြစ်တယ်။ နည်းနည်း ဗီလိန်ပုံစံမျိုး သရုပ်ဆောင်ထားတာဆိုတော့ ပရိသတ်တွေ အမြင်သစ်လေးကြည့်ရမယ်လို့ ထင်ပါတယ်။ သူငယ်ချင်းကိုလည်း ချစ်ပါတယ်။ ကာရိုက်တာအရပေါ့။ ဒီကားလေးကို အားပေးကြပါဦးလို့ ပြောချင်ပါတယ်”လို့ သရုပ်ဆောင် မေမြင့်မိုရ်ကပြောပါတယ်။
“မုန်းခွင့်” ရုပ်ရှင်ဇာတ်ကားကို လာမယ့် စက်တင်ဘာ ၂၉ရက်နေ့မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။