MT News
Written by Nay Moe
မူဆယ်မြို့နယ်ရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA ၏ တပ်မဟာ(၁)တပ်စခန်းဖြစ်သည့် လွယ်မောက်တပ်စခန်းတစ်ခုလုံးအား လေကြောင်းမှတစ်ဆင့် ဂျက်ဖိုက်တာ ၃ စီးဖြင့် ပေါင် ၅၀၀ ဗုံးသီးများအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင့် စခန်းတစ်ခုလုံးမွစာကြေသွားသော်လည်း ထိခိုက်ဒဏ်ရာရသူမရှိဟု TNLA ၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စက်တင်ဘာ ၂၅ ရက် ည ၁၀ နာရီ ၁၅ မိနစ်အချိန်တွင်တစ်ကြိမ်၊ ၁၀ နာရီ၂၃ မိနစ်အချိန်တွင် တစ်ကြိမ် တအာင်းတပ်မတော်ရှိရာနှင့် မန်ကန်ရွာ၊ နမ့်ငူးရွာအနီးသို့ ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံး ၄ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။ ထို့နောက် ည ၁၀ နာရီခွဲအချိန်တွင် တံတားဦးမှ ဂျက်ဖိုက်တာ ၁ စီးဖြင့် မူဆယ်မြို့နယ်ရှိ TNLA ၏ တပ်မဟာ(၁)တပ်စခန်းဖြစ်သည့် လွယ်မောက်တပ်စခန်းအား ပေါင် ၅၀၀ ဗုံးသီး ၂ လုံးဖြင့် ထပ်မံလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ထိုကဲ့သို့ ပေါင် ၅၀၀ ဗုံးသီး ၂ လုံးဖြင့် လာရောက်ပစ်ခတ်မှုကြောင့် TNLA တပ်စခန်း၏ အဆောက်အဦအချို့ ထိခိုက်ပျက်စီးခဲ့သော်လည်း ထိခိုက်သေဆုံးမှုတစ်စုံတစ်ရာမရှိကြောင်းနှင့် မူဆယ်မြို့နယ်တွင် တပ်နှင့် TNLA အကြား စက်တင်ဘာ ၂၃ ရက်နေ့မှ ယနေ့အထိ ၃ ရက်ကြာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့ချိန် ထိုကဲ့သို့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုလည်း TNLA က ပြောသည်။
တပ်နှင့် TNLA အကြား ဇူလိုင်လ ၂၃ ရက်နေ့မှ ယနေ့အထိ မူဆယ်မြို့နယ် စယ်လန့်၊ နမ့်ကတ်၊ နာထန်၊ ဂေါင်ရာ၊ နမ့်တောင်၊ လွယ်ကျယ်လော့၊ ဟိုပေါ်၊ ဆိုင်ခေါင်နှင့် ကောင်ရာရွာတွင်လည်းကောင်း၊ ကွတ်ခိုင်မြို့နယ် ခိုမုန်းရွာ၊ ကောင်မူရာနှင့် လင်းလုံရွာတွင်လည်းကောင်း၊ မိုးကုတ်မြို့နယ် အထက်ညောင်ကုန်း၊ အောက်ညောင်ကုန်း၊ ဖြူရောင်နှင့် ကုန်းစံရွာတို့တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်ဟုလည်း သိရသည်။
ပုံစာ။ စခန်းကုန်းတစ်ခုလုံး မွစာကြေသွားသော်လည်း ထိခိုက်မှုမရှိသည့် လွယ်မောက်စခန်းကို ပစ်ခတ်မှုအပြီး ယနေ့တွေ့ရစဥ် (Photo-PSLF/TNLA)