၂၆. ၉. ၂၀၂၃
Written by Nay Aung
အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ (ADMM Plus)ကြား ပူးပေါင်းလုပ်ဆောင်သော နိုင်ငံတကာအကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးလေ့ကျင့်ခန်းများ Counter-Terrorism Field Training Exercises ကို ရုရှားနိုင်ငံက စက်တင်ဘာ ၂၅ ရက်နေ့တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပနေပြီး မြန်မာအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ရေးလေ့ကျင့်ခန်းကို ရုရှားနိုင်ငံ ပရီမောစကီးဒေသတွင်ကျင်းပနေပြီး ဘရူးနိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မလေးရှား၊ မြန်မာ၊ ထိုင်းနှင့်ဖိလစ်ပိုင်တို့ ပူးပေါင်းပါဝင်ခဲ့ကြောင်း၊ ရုရှားအရှေ့ပိုင်းစစ်ဌာနချုပ်က သတင်းထုတ်ပြန်ထားသည်။
ရုရှားစစ်ဘက်က “အကြမ်းဖက်မှု တိုက်ဖျက်ရေးလေ့ကျင့်ခန်းကို အဆင့်နှစ်ဆင့်နဲ့ကျင်းပသွားမှာပါ။ ပထမအဆင့်မှာ လေ့ကျင့်ခန်းအတွင်းပါဝင်တဲ့ နိုင်ငံတွေရဲ့တပ်မှူးတွေဟာ အကြမ်းဖက်တိုက်ဖျက်ရေး စစ်ဆင်ရေးလုပ်ဆောင်ဖို့ ဆုံးဖြတ်ကြမှာပါ။ ဒုတိယအဆင့်မှာတော့ လေ့ကျင့်ခန်းမှာ ပါဝင်တဲ့ နိုင်ငံတွေရဲ့တပ်ဖွဲ့ဝင်တွေဟာ Sergeevsky စစ်ရေးလေ့ကျင့်ခန်းကွင်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်နည်းတွေကို လက်တွေ့ ပူးတွဲလေ့ကျင့်သွားမှာပါ” ဟု ပြောသည်။
အဆိုပါ နိုင်ငံတကာအကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ရေးလေ့ကျင့်ခန်းအစီအစဉ်တွင် အာဆီယံနိုင်ငံများအနက် စင်ကာပူနိုင်ငံပါဝင်ခြင်းမရှိကြောင်း ရုရှားအရှေ့ပိုင်းစစ်ဌာနချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ စစ်ရေးလေ့ကျင့်ခန်းကို ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် စက်တင်ဘာ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ အကြမ်းဖက်တိုက်ဖျက်ရေး လေ့ကျင့်ခန်းကို အာဆီယံအဖွဲ့ဝင်နိုင်ငံများအပြင် တရုတ်၊ အိန္ဒိယနှင့် ရုရှားနိုင်ငံတို့မှ တပ်ဖွဲ့ဝင်ဦးရေ ၇၀၀ ကျော်ပူးပေါင်းပါဝင်ခဲ့ကြောင်း၊ တိုက်လေယာဉ်များ၊ စစ်ဘက်သုံးရဟတ်ယာဉ်များ၊ မောင်းသူမဲ့လေယာဉ်များ၊ တင့်ကားများ၊ သံချပ်ကာ ကားများနှင့်အခြား စစ်ဘက်သုံးပစ္စည်းများကိုအသုံးပြုကာ လေ့ကျင့်သွားမည်ဖြစ်ကြောင်း ရုရှားအရှေ့ပိုင်းစစ်ဌာနချုပ်က ဆိုသည်။ အဆိုပါ စစ်ရေးလေ့ကျင့်ခန်းသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများကြား အကြမ်းဖက်တိုက်မှုတန်ပြန်တိုက်ဖျက်ရေးလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရန်နှင့် ခိုင်မာအားကောင်းစေရန်အပြင် အကြမ်းဖက် တန်ပြန်တိုက်ဖျက်ရေး အတွေ့အကြုံများကိုမျှဝေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ် ကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ယခုနှစ်တွင် ADMM-Plus အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ အစည်းဝေးများကို ပူးတွဲဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့ပြီး မြန်မာနိုင်ငံသည် ပြီးခဲ့သော သြဂုတ်လတွင် ADMM-Plus အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ စားပွဲတင်လေ့ကျင့်ခန်းကို အိမ်ရှင်အဖြစ် ကျင်းပခဲ့ကြောင်း သိရသည်။
Ref; interfax.ru