၂၆.၉.၂၀၂၃.
Translated by Htwe Ko Tun
ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် ရှီနာဝါထရာအနေဖြင့် လက်ရှိတွင် ထောင်ဒဏ်တစ်နှစ်ကျခံနေရခြင်းမှ ၎င်း၏ ထောင် ဒဏ်ကို ဆိုင်းငံ့၍ ခံဝန်ဖြင့်ပြန်လည်လွှတ်ပေးရေး လျှောက်ထားရန်မှာ ၎င်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ပြစ်ဒဏ်ကျခံရလိမ့်မည်ဟု ထိုင်းနိုင်ငံ အထက်လွှတ်တော်အမတ် ဆွမ်ချိုင်းဆာဝန်ကန်က စက်တင်ဘာလ ၂၅ ရက်တွင် ပြောခဲ့သည်။
အထက်လွှတ်တော်၏ လူ့အခွင့်အရေး၊ အခွင့်အရေး၊ လွတ်လပ်မှုနှင့် စားသုံးသူအခွင့်အရေးများဆိုင်ရာ အမြဲတန်းကော်မတီဥက္ကဋ္ဌ ဆွမ်ချိုင်းက သက်ဆင်အနေဖြင့် အကျဉ်းဦးစီးဌာန၏ဖမ်းဆီးချုပ်နှောင်မှုကို ဩဂုတ်လ ၂၂ ရက်တွင်ခံခဲ့ရပြီးနောက် ဆေးရုံသို့တင်ထားရသောအချိန်ကိုလည်း ပြစ်ဒဏ်ကျခံနေချိန်ဟုပင် ယူဆရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်လည်း ၎င်းအနေ ဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလဆိုလျှင် ပြစ်ဒဏ်ခြောက်လပြည့်ပြီဖြစ်ကြောင်း ပြောခဲ့သည်။
ပြစ်ဒဏ်ကျခံနေရသူများအနေဖြင့် ပြစ်ဒဏ်အားဆိုင်းငံ့ခြင်း (သို့မဟုတ်) ဘုရင်မင်းမြတ်ထံမှ ပြစ်ဒဏ်လျှော့ပေါ့ခြင်းတို့အတွက် ၎င်းတို့ကျခံနေရသောပြစ်ဒဏ်၏ သုံးပုံတစ်ပုံ (သို့မဟုတ်) ခြောက်လ အကျဉ်းကျခံပြီးမှသာ လျှောက်ထားနိုင်ကြောင်းလည်း ဆွမ်ချိုင်းက ပြောခဲ့သည်။ ထိုကဲ့သို့ ပြစ်ဒဏ်အား ဆိုင်းငံ့ခြင်း (သို့မဟုတ်) ဘုရင်မင်းမြတ်ထံမှ ပြစ်ဒဏ်လျှော့ပေါ့ခြင်းတို့ကို လက်ရှိထိုင်းဘုရင်၏မွေးနေ့ဖြစ်သော ဇူလိုင်လ ၂၈ ရက်၊ ဘုရင်ဘူမိဘောလ်၏မွေးနေ့ဖြစ်သော ဒီဇင်ဘာလ ၅ ရက်နှင့် မိဖုယားကြီး သီရိခေတ်၏မွေးနေ့ဖြစ်သော ဩဂုတ်လ ၁၂ ရက်တို့တွင် မကြာခဏ ပြုလုပ်လေ့ရှိကြောင်း သိရသည်။
ပြစ်ဒဏ်ဆိုင်းငံ့၍ ပြန်လွှတ်ပေးမှုတွင် အကျဉ်းသားအနေဖြင့် အသက် ၇၀ နှစ်ကျော်နေမှုက ထည့်သွင်းစဉ်းစားရမည့်အချက်တစ်ချက်ဖြစ်သည်။ ထို့ကြောင့်လည်း အသက် ၇၄ နှစ်ရှိပြီဖြစ်သော သက်ဆင်အနေဖြင့် ထိုသို့ပြစ်ဒဏ်ဆိုင်းငံ့မှုရရှိရန် အခွင့်အလမ်းရှိနေခြင်းဟုလည်း ဆွမ်ချိုင်းက ဆက်လက်ပြောခဲ့သည်။
ထို့ပြင် ဆွမ်ချိုင်းက ထိုသို့ပြစ်ဒဏ်ဆိုင်းငံ့ခံရသူအကျဉ်းသားမှာ အိမ်တွင်ရှိနေစဉ်အတွင်း မိမိရောက်ရှိနေသောနေရာကို သက်ဆိုင်သူများသိစေနိုင်သည့် အီလက်ထရောနစ်ထိန်းချုပ်ရေး ခြေကျင်းဝတ်အစွပ် ကိရိယာကိုဝတ်ထားရန်မလိုကြောင်း၊ သို့သော် ထိုင်းနိုင်ငံပြင်ပသို့သွားရောက်ခွင့်ကိုမူ တားမြစ်ထားကြောင်းလည်း ပြောခဲ့သေးသည်။
ထိုင်းနိုင်ငံ၏ ၂၃ ယောက်မြောက်ဝန်ကြီးချုပ်လည်းဖြစ်သည့်သက်ဆင်က အဂတိလိုက်စားမှုနှင့် အာဏာအလွဲသုံးစားပြုမှုတို့ဖြင့် ထောင်ဒဏ်ရှစ်နှစ်ကျခံခဲ့ရပြီးနောက် နာရီပိုင်းမှာပင်သွေးတိုးခြင်းနှင့် အခြားရောဂါလက္ခဏာများကြောင့် ရဲတပ်ဖွဲ့ဆေးရုံသို့တင်ပို့ကုသခံနေရခြင်း ဖြစ်သည်။
ဆွမ်ချိုင်းက သက်ဆင်၏ကျန်းမာရေးမကောင်းမှုနှင့် ခွဲစိတ်ခံခဲ့ရမှုတို့နှင့်ပတ်သက်၍ အသေးစိတ်ကို လူသိရှင်ကြားဖြေ ကြားမည်မဟုတ်ကြောင်း၊ ၎င်းတို့ကို ထုတ်ဖော်မပြောရန် ကာယကံရှင်လူနာ၏ ပုဂ္ဂိုလ်ရေးအခွင့်အရေးအရ ဥပဒေက ကာကွယ်ထားကြောင်းလည်း ပြောခဲ့သည်။
Ref—-Bangkok Post