၂၆.၉.၂၀၂၃
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ဩစတြေးလျ၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံများ ပါဝင်ဖွဲ့စည်းထားသော Quad အဖွဲ့ နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများက တရားဝင်ပူးတွဲကြေညာချက်တစ်ရပ်ကို စက်တင်ဘာလ ၂၂ ရက်ကထုတ်ပြန်ခဲ့ရာတွင် ထိုကြေညာချက်၌ Quad အဖွဲ့ဝင်နိုင်ငံများက မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် အခြေအနေများနှင့်ပတ်သက်၍ အထူးစိုးရိမ်မိကြောင်း ဖော်ပြခဲ့ကြသည်။
၎င်းတို့က မြန်မာနိုင်ငံအတွင်း နိုင်ငံရေး၊ လူသားချင်းစာနာမှုအရေးနှင့် စီးပွားရေးကဏ္ဍများတွင် လက်ရှိဖြစ်ပွားနေမှုများအပေါ် များစွာစိုးရိမ်ပူပန်မိကြောင်း၊ ထို့ပြင် အကြမ်းဖက်မှုများအမြန်အဆုံးသတ်ရေး၊ မျှတမှုမရှိစွာ ဖမ်းဆီးခံထားရသူများအားလုံးကို အမြန်လွှတ်ပေးရေး၊ လူသားချင်းစာနာမှုအထောက်အပံ့များကို နှောင့်နှေးအောင်တားဆီးမှုမပြုရေး၊ အကျပ်အတည်းအခြေအနေကို အပြုသဘော ညှိနှိုင်းဆွေးနွေးခြင်းဖြင့်သာ အဖြေရှာရေးနှင့်မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီစနစ်သို့ ပြန်လည်အသွင်ကူးပြောင်းတည်ဆောက်ရေးတို့ကိုလည်း တောင်းဆိုပါကြောင်း ကြေညာချက်တွင် ဖော်ပြခဲ့ကြသည်။
ထို့ပြင် ကြေညာချက်၌ မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှုနှင့် လူကုန်ကူးမှုတို့ကဲ့သို့ နယ်စပ်ဖြတ်ကျော်မှုခင်းများ မြင့်တက်လာနေမှုအပါအဝင် မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပွားနေသောအခြေအနေက အိမ်နီးချင်းနိုင်ငံများသို့ပါ သက်ရောက်မှုရှိနေခြင်းအပေါ်လည်း စိုးရိမ်မိကြောင်း ကြေညာချက်တွင်ပြောခဲ့ကြသည်။
Quad အဖွဲ့ဝင်နိုင်ငံများက နိုင်ငံတကာအသိုက်အဝန်းကိုလည်း မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများရပ်ဆိုင်းရေးအတွက် အပြုသဘောဆောင်ပြီး လက်တွေ့ဆန်သောနည်းလမ်းဖြင့် ထောက်ပံ့ကူညီမှု ပြုကြရန်အားပေးတိုက်တွန်းပါကြောင်းလည်း ကြေညာချက်က ဖော်ပြခဲ့ကြောင်း တွေ့ရသည်။
Ref—- Association of Southeast Asian NationsAustraliaBureau of East Asian and Pacific AffairsEnvironmentIndiaIndo-Pacific