၂၆. ၉. ၂၀၂၃
Written by Nay Moe
ယနေ့နေ့လယ်က ရေးမြို့လယ် ဗိုလ်ချုပ်လမ်းမပေါ်ရှိ မြဝတီဘဏ်အား PDF အဖွဲ့က လာရောက်ပစ်ခတ်သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးနှင့် ဘဏ်ဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကနဦးသတင်းများအရ သိရသည်။
“ဒီနေ့ ၁၂ နာရီ ၄၅ မိနစ်လောက်က ဖြစ်သွားတာ။ အပြန်အလှန်ပစ်သံတချို့လည်း ကြားလိုက်တယ်။ အချက် ၅၀၊ ၆၀ လောက်ရှိမယ်။ အစောင့်တာဝန်ကျတဲ့ စစ်သားလည်းထိတယ်လို့ပြောတယ်။ အခုတော့ ရေးမြို့မှာလုံခြုံရေးတင်းကျပ်ပြီး ပိတ်စစ်နေတယ်။ လူနာတွေပို့လိုက်တဲ့ ရေးဆေးရုံကြီးဘက်မှာလည်း လမ်းပိတ်ထားတယ်” ဟု ရေးမြို့ခံတစ်ဦးက ဆိုသည်။
စက်တင်ဘာ ၁၈ ရက် မနက် ၁၀ နာရီ ၄၇ မိနစ်ခန့်ကလည်း မွန်ပြည်နယ်၊ ရေးမြို့လယ်ခေါင်၊ အောင်သုခရပ်ကွက်တွင် Honda Fit ယာဥ် မောင်းနှင်လာသော ရေးမြို့နယ် သတင်းရဲတပ်ဖွဲ့မှ ရဲအုပ်မြင့်လွင်ကို ရေးဘီလူး PDF အဖွဲ့ဝင် ၂ ဦးက ဆိုင်ကယ်ဖြင့် နောက်ယောင်ခံလိုက်ကာ M4 သေနတ်အရှည်ဖြင့် အနီးကပ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကားအတွင်း၌ပင် ဦးခေါင်းပွင့် သေဆုံးခဲ့သည့်ဖြစ်စဥ်ဖြစ်အပြီး ၁၀ ရက်မပြည့်မီအချိန်ပင် ရေးမြို့လယ်မှ မြဝတီဘဏ် ထပ်မံတိုက်ခိုက်ခံရခြင်းဖြစ်သည်။
အဆိုပါ ရေးမြို့ရှိ မြဝတီဘဏ် ပစ်ခတ်တိုက်ခိုက်ခံရသည့်ဖြစ်စဥ်အပေါ် PDF များဘက်ကလည်း ပွဲကနေ(တိုက်ခိုက်နေ) ကြောင်း၊ ဖမ်းဆီးမှုများလည်း ရှိကြောင်း သတိပေးထားပြီး MT News သတင်းဌာနအနေဖြင့်လည်း အသေးစိတ်ဖြစ်စဥ်များဆက်လက်စုံစမ်းနေကာ ထပ်မံသိရှိရသည်များ ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။