၂၆.၉.၂၀၂၃
Translated by Htwe Ko Tun
ထိုင်းရဲတပ်ဖွဲ့၏ ဒုတိယရဲချုပ်တစ်ဦးဖြစ်သော Big Joke ဟု နာမည်ပြောင်ပေးခေါ်ဝေါ်ခြင်းခံရသည့် ရဲဗိုလ်ချုပ်ကြီး ဆူရာချတီ ဟတ်ပန်က စက်တင်ဘာလ ၂၅ ရက် နံနက်တွင် ၎င်း၏အိမ်အား ဆိုက်ဘာရာဇဝတ်မှုဖော်ထုတ်ရေးရဲတပ်ဖွဲ့နှင့်အတူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဌာနခွဲနှင့် မြို့တော်ရဲတပ်ဖွဲ့၏ အထူးတပ်ဖွဲ့များပါ ဝင်ရောက်ရှာဖွေခဲ့ကြခြင်းက ရိုးသားမှုမရှိဘဲ နိုင်ငံရေးအရ သွေးထိုးလှုံ့ဆော်မှုသာဖြစ်ကြောင်း သတင်းထောက်များအား Vibhavadi Rangsit လမ်းပေါ်ရှိ ရဲတပ်ဖွဲ့ အားကစားကလပ်တွင် စက်တင်ဘာလ ၂၅ ရက် နေ့လည်ပိုင်း၌ ပြောကြားခဲ့သည်။
သတင်းထောက်များကိုပြောခဲ့ရာတွင် ဆူရာချတီက Soi Vibhavadi 60 လမ်းသွယ်ရှိ ၎င်း၏အိမ်ကို ဆိုက်ဘာရာဇဝတ်မှုရဲတပ်ဖွဲ့က ဦးဆောင်၍ ဝင်ရောက်ရှာဖွေခဲ့မှုမှာ မရိုးသားကြောင်း၊ အကြောင်းမှာ ရှာဖွေခွင့်ဝရမ်းကို တရားရုံးမှရယူရာတွင် ၎င်းတို့က တရားရုံးထံ မည်သူ့အိမ်ဖြစ်ကြောင်းမပြောဘဲ အိမ်အမှတ်ကိုသာပြော၍ ရယူခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ပြောခဲ့သည်။
ရှာဖွေရာတွင် ရဲတပ်ဖွဲ့ဝင်အများအပြားက ၎င်း၏အိမ်ဖြစ်သည်ကိုသိကြကြောင်း၊ ရှာဖွေမှုတွင် အိမ်တွင်းမှ ဥပဒေနှင်မညီသောပစ္စည်း တစ်စုံတစ်ရာမတွေ့ရှိခဲ့ကြကြောင်း ဆူရာချတီက ဆက်လက်ပြောခဲ့သည်။ ဆူရာချတီက ဆိုက်ဘာရဲတပ်ဖွဲ့က ၎င်း၏တပည့် ရဲအရာရှိများကို ဖမ်းဆီးရန်ဝရမ်းများလည်း ယူဆောင်လာကြကြောင်း ဝန်ခံပြောကြားခဲ့သည်။
၎င်းတို့အနေဖြင့် အွန်လိုင်းလောင်းကစားမှုဝက်ဘ်ဆိုတ်များတွင် ပါဝင်ပတ်သက်ခြင်း ရှိ မရှိ ၎င်းတို့၏ ငွေအလွှဲအပြောင်းများကိုလည်း စစ်ဆေးခံခဲ့ရကြောင်း ဆူရာချတီက ဆိုသည်။ ၎င်းနှင့်ပတ်သက်၍ ဖြစ်ခဲ့ရသော ယခုကဲ့သို့ရှာဖွေစစ်ဆေးမှုပြဿနာများမှာ တော်ဝင်ရဲတပ်ဖွဲ့ရုံးအတွင်း နိုင်ငံရေးကိစ္စများကြောင့်ဖြစ်ပြီး ၎င်းအား သိက္ခာချအယုံအကြည်မဲ့စေရန်နှင့် နာမည်ပျက်စေရန်သာ ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ဤရှာဖွေမှုပြုရန် မည်သူက အမိန့်ပေးသနည်း မသိသေးကြောင်းလည်း ဆူရာချတီက ပြောကြားသွားခဲ့သည်။ ထို့ပြင် ရဲအရာရှိအများအပြားမှာ ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်နေမှုကြောင့် ဖမ်းဆီးခံရခြင်း (သို့မဟုတ်) ရှာဖွေခံရခြင်းများရှိတတ်သည်ကို ၎င်းကဝန်ခံခဲ့သည်။
ထိုင်းရဲတပ်ဖွဲ့၏ ဥပဒေရေးရာနှင့် တရားစွဲဆိုခြင်းဆိုင်ရာဌာနခွဲအကြီးအကဲဖြစ်သော ရဲဒုတိယဗိုလ်ချုပ်ကြီး ထရိုင်ရွန်ဖီရူးဖန်က စက်တင်ဘာလ ၂၅ ရက်နံနက်တွင် ထိုင်းနိုင်ငံတစ်ဝန်း အိမ်အလုံးရေ ၃၀ ကို ဝင်ရောက်ရှာဖွေခဲ့ခြင်းက ဇူလိုင်လအတွင်း လောင်းကစားဝက်ဘ်ဆိုတ် ၁၂ ခုနှင့်ဆက်စပ်နေသည်ဟုသံသယရှိရသူ သုံးဦးကိုဖမ်းဆီးမိခဲ့ရာမှ အရင်းခံသည်ဟုလည်း ပြောခဲ့သည်။ ထိုဖြစ်စဥ်တွင် ဆိုက်ဘာရဲတပ်ဖွဲ့က ရှာဖွေမှုများအပြီး သံသယရှိရသူ ၂၃ ဦးအနက် ၁၇ ဦးကိုဖမ်းဆီးခဲ့ရာ ရဲအရာရှိရှစ်ဦးလည်း ပါဝင်ကြောင်း ပြောကြားသွားခဲ့သည်။
Ref—– Bangkok Post