October 19, 2024

၂၆.၉.၂၀၂၃
Written by Peya

ဒလရဲစခန်းမှ အချုပ်သား ၆ ဦးက အချုပ်ခန်းခေါင်မိုးကိုဖောက်ကာ ထွက်ပြေးသည့်ဖြစ်စဉ် ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ ပိုက်စိပ်တိုက်ရှာနေရကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက MT News သတင်းဌာနသို့ ကနဦးအခြေ အနေများ ပြောကြားချက်အရ သိရသည်။

ယနေ့ စက်တင်ဘာလ ၂၆ ရက် နံနက်ပိုင်း ၅ နာရီအချိန်ခန့်တွင် အထက်ပါအတိုင်း ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် အပူတပြင်း လိုက်လံ စုံစမ်းရှာဖွေနေကြောင်းလည်း ၎င်းက ဆိုသည်။

“၆ ယောက် ထွက်ပြေးတယ်။ ၄ ယောက်က အမိန့်တော့ မချရသေးဘူး။ နှစ်ကြီးသမားပေါ့။ ထောင်နှစ်ရှည် အပြစ်ပေးလို့ရတဲ့ ပုဒ်မနဲ့ တရားစွဲခံထားရသူတွေလို့ သိရတယ်။ အချုပ်ရဲ့ခေါင်မိုးကို ဖောက်ပြေးတယ်။ ၂ ယောက်က ဘာအမှုမှန်း မသိရသေးဘူး။ မူးယစ်ပုဒ်မလည်း ပါတယ်လို့ သိရတယ်” ဟု ရဲတပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

MT News သတင်းဌာနက မေးမြန်းထားသည့် အချက်အလက်များအရ မူးယစ်ဆေးဝါးမှုနှင့် လုယက်မှုများဖြင့် တရားစွဲဆို ချုပ်နှောင်ထားသူများဖြစ်ကြောင်း သိရပြီး နောက်ဆက်တွဲသိရသည်များကို စုံစမ်းနေကာ MT News သတင်းဌာနက ထပ်မံ ဖော်ပြပေးသွားမည် ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *