October 19, 2024

၂၆. ၉. ၂၀၂၃
Written by Nay Moe

မုံရွာ၊ ရွှေဘို၊ ဗန်းမော်နှင့် ကျောက်ကြီးမြို့နယ်များတွင် စက်တင်ဘာ ၂၃ ရက် တစ်နေ့တာအတွင်း မိုင်းနှင့် Drop Bomb ငါးကြိမ်ကွဲပြီး လူ ၂ ဦးသေဆုံးကာ ၁၁ ဦးဒဏ်ရာရမှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က သိရသည်။

ဖြစ်စဥ်များမှာ စက်တင်ဘာ ၂၃ ရက် နံနက် ၆ နာရီခွဲအချိန်တွင် ရွှေဘိုမြို့နယ်၊ သီးလုံးကျေးရွာနေ ဦးထွန်းဦး (၅၈)နှစ်သည် ဇနီးဖြစ်သူ ဒေါ်တင့် (၆၂)နှစ်နှင့်အတူ သီးလုံးကျေးရွာ၏ အနောက်တောင်ဘက် ၁၀ မိုင်ခန့်အကွာရှိ ၎င်းတို့၏လယ်မြေအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF များထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့သဖြင့် ဦးထွန်းဦးနှင့် ဒေါ်တင့်တို့တွင် ပုခုံး၊ ရင်ဘတ်နှင့် ခြေထောက်တို့၌ မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ရွှေဘိုမြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ထိုနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင်လည်း ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ သာစည်ရပ်ကွက်နေ ကိုမျိုးမြင့်အောင် (၂၉)နှစ်သည် ၎င်း၏နေအိမ်မှ ဒေါ့ဖုန်းယန်မြို့၊ နားလုံကျေးရွာသို့ ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် မိုးမောက်မြို့နယ်၊ ဒိန်ဂျာယန်တံတားအနီးအရောက်တွင် KIA နှင့် PDF အဖွဲ့ထောင်ထားသည့် မိုင်း ၁ လုံးပေါက်ကွဲခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် ကိုမျိုးမြင့်အောင်တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ဗန်းမော်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

အလားတူ နံနက် ၁၁ နာရီခွဲအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ပဲခူးရပ်ကွက်နေ ဦးအေးမင်း(၂၇)နှစ်နှင့် တစ်ရပ်ကွက်တည်းနေ ဦးစနေအောင်(၃၅)နှစ်တို့ ၂ ဦးသည် နတ်သံကွင်းကျေးရွာဘက်မှ ကျောက်ကြီးမြို့ဘက်သို့ ဆိုင်ကယ် ၂ စီးဖြင့် ကုန်ပစ္စည်းများသယ်ဆောင်လာစဉ် နောင်ကုန်းကျေးရွာအနီး မိုင်တိုင်အမှတ် ၁၁ မိုင် ၄ ဖာလုံ၊ တံတားအမှတ် (၂/၂၁) ပေါက်မြောင်းတံတားအနီးအရောက်တွင် KNU နှင့် PDF ပူးပေါင်းအဖွဲ့တို့က Drone ယာဉ်အသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အဆိုပါနေရာတွင် Drop Bomb ၁ လုံးကျရောက် ပေါက်ကွဲမှုကြောင့် ဦးအေးမင်းနှင့် ဦးစနေအောင်တို့တွင် ဗုံးသီးစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ကျောက်ကြီးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

ထို့အတူ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဝက်လည်ရွဲရပ်ရှိ မြို့မဈေးကြီး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အရာတော်မြို့နယ်၊ အောင်စည်ကျေးရွာနေ ဒေါ်ရွှေဆု(၄၅)နှစ်သည် ၎င်း၏နေအိမ်မှ မြို့မဈေးကြီးသို့ ဈေးဝယ်ရန် ထွက်ခွာလာစဉ် ဈေးကြီးလမ်း ဝဲဘက်ခြမ်းပလက်ဖောင်းအနီးမှ PDF အဖွဲ့က ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဒေါ်ရွှေဆုတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဥ်များအပြင် နေ့လယ် ၃ နာရီ ၂၀ မိနစ်အချိန်တွင် မုံရွာမြို့နယ်၊ မုံရွာတောင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ မုံရွာတောင်ဇက်ဆိပ်မှ ချင်းတွင်းမြစ်တစ်ဖက်ကမ်းရှိ ညောင်ပင်ကြီးဇက်ဆိပ်သို့ ပို့ဆောင်မည့်ကုန်များအား ကုန်တင်ကုန်ချပြုလုပ်နေသည့်နေရာသို့ ကမ်းနားလမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်လာသည့် PDF ၁ ဦး(စိစစ်ဆဲ)က လက်ပစ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာအနီး ရှိနေသူများဖြစ်ကြသည့် မုံရွာမြို့နယ်စည်ပင်သာယာရေးကော်မတီမှ စည်းကမ်းထိန်းသိမ်းရေး-၅ ဖြစ်သူ ဦးမင်းသိုက်(၃၆) နှစ်၊ ဦးအောင်သော်လင်း (၃၇)နှစ်၊ ဦးကျော်မိုးခိုင်(၄၂)နှစ်၊ ကိုလွင်(၄၈)နှစ်၊ ကိုမင်းခန့်နိုင်(၂၀)နှစ်၊ ဦးကျော်ကျော်လွင်(၄၈)နှစ်နှင့် ဒေါ်ထားဆင့်(၅၄)နှစ်တို့ ဗုံးစထိမှန်ဒဏ်ရာ များအသီးသီးရှိခဲ့၍ ဆေးကုသနိုင်ရေး မုံရွာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိစဉ် ဒဏ်ရာရရှိ သူများအနက် ဦးမင်းသိုက်မှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *