October 19, 2024

ငမိုးရိပ်ချောင်းအတွင်း ရုပ်အလောင်း လိုက်လံရှာဖွေနေမှု မြင်ကွင်း

၂၆. ၉. ၂၀၂၃
Written by Hey Mar

အသက် ၂၀ အရွယ် အမျိုးသမီးငယ်တစ်ဦး ငမိုးရိပ်ပြည်ထောင်စုတံတားပေါ်ကနေ ငမိုးရိပ်ချောင်းအတွင်းကို ခုန်ချခဲ့တဲ့ဖြစ်စဥ် မနေ့က စက်တင်ဘာ ၂၅ ရက် ညနေ ၆ နာရီ ၃၀ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး သင်္ကန်းကျွန်းမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ခုန်ချခဲ့တဲ့ အမျိုးသမီးငယ်က ဘောင်းဘီနက်၊ အင်္ကျီအဖြူ ဝတ်ဆင်ထားပြီး ဘယ်သူဘယ်ဝါဖြစ်ကြောင်း၊ နေရပ်လည်း မသိရသေးကြောင်း ​ရှာဖွေကယ်ဆယ်ရေးပြုလုပ်နေတဲ့ သုဝဏ္ဏပရဟိတအသင်း တာဝန်ရှိသူက ဆိုပါတယ်။

“မနေ့က ညကတည်းက ရှာဖွေနေပေမယ့် ရေကျချိန် ဖြစ်နေတာရော ညအချိန်ဖြစ်နေတာကြောင့်ပါ ရှာဖွေရအခက်အခဲတွေရှိခဲ့တာကြောင့် အခုမနက် ထပ်ပြီးရှာနေပါတယ်။ သူက တံတားပေါ်မှာ ဖိနပ်လေးချွတ်ပြီး ခုန်ချသွားပုံရတယ်။ ဘေးက သွားလာသူတွေ သတိထားမိတာကို ပြန်ပြောတာသိရသလောက်ပေါ့။ အခုမိသားစုကို အနီးအနားရပ်ကွက်တွေထဲလည်းစုံစမ်းနေပါတယ်”လို့ သုဝဏ္ဏ ပရဟိတအသင်း တာဝန်ရှိသူက ဆိုပါတယ်။

ဒီနေ့ စက်တင်ဘာ ၂၆ ရက် မနက်ပိုင်းမှာ ရုပ်အလောင်းကို ချောင်းရိုးတစ်လျောက်ထပ်မံရှာဖွေနေကြပြီး ငမိုးရိပ်ချောင်းအတွင်း ရေလုပ်ငန်းနဲ့ အသက်မွေးကြတဲ့သူတွေရဲ့ အတွေ့အကြုံအရ ချောင်းက ရေကျရက်ဖြစ်နေတာကြောင့် တချို့နေရာတွေမှာ သောင်ထွန်းနေပြီး ရုပ်အလောင်းက သောင်ထွန်းတဲ့နေရာတွေမှာ တင်ကျန်နိုင်ခြေများတယ်လို့ သိရတဲ့အတွက် အသင်းတွေ စုပေါင်းကာ ရှာဖွေနေတယ်လို့ သိရပါတယ်။

အဆိုပါတံတားကနေ မကြာခဏ ချောင်းထဲခုန်ချမှု ဖြစ်ပွားလေ့ရှိပြီး တံတားအနီးလုံခြုံရေးတာဝန်ရှိသူတွေကလည်း ညမှောင်ရီပျိုးချိန် တံတားပေါ် လာရောက်ကြသူတွေရှိပါက စောင့်ကြည့်တာ မလာဖို့တားမြစ်တာမျိုးတွေ ပြုလုပ်နေတယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးက MT News ကိုပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *