October 19, 2024

၂၆. ၉. ၂၀၂၃
Written by Thettant

ဆရာဝန်တွေ ကျန်းမာရေးစောင့်ရှောက်သူတွေဆီက ကောက်ခံတဲ့အခွန် ၂ ရာခိုင်နှုန်းကို လူနာတွေဆီက မကောက်ဖို့ ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးချက်ထုတ်ပြန်ထားပါတယ်။

ပြည်တွင်းအခွန်များဦးစီးဌာနက ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးသူတွေရဲ့ အသက် မွေးဝမ်းကျောင်းပညာလုပ်ငန်းက ရရှိတဲ့ဝင်ငွေအပေါ် ငွေထုတ်ပေးချိန်မှာ အခွန်နုတ်ယူပေးသွင်းစေတဲ့အစီအစဉ်ကို စက်တင်ဘာ ၁ ရက်က စတင်အကောင်အထည်ဖော်ခဲ့သလို ပုဂ္ဂလိကဆေးရုံဆေးခန်းတွေက ငွေထုတ်ပေးသူတွေဆောင် ရွက်ရမဲ့ တာဝန်တွေ၊ အခွန်ဆောင်ရမဲ့ ဆရာဝန်နဲ့ ကျန်းမာရေးစောင့်ရှောက်သူတွေ လိုက်နာရမဲ့လုပ်ငန်းစဥ်တွေကို အသိပေးထားပြီးဖြစ်ပါတယ်။

ဒါပေမဲ့ အချို့သောပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းတွေက ငွေထုတ်ပေးဖို့တာဝန်ရှိသူတွေဟာ ဆရာဝန်တွေ၊ သူနာပြုတွေအပေါ် ဆေးရုံဆေးခန်းက ပေးချေငွေကနေ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း နုတ်ယူရမဲ့အစား ဆေးကုသမှုခံယူတဲ့ လူနာတွေဆီကနေ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ထပ်ဆောင်းကောက်ခံတဲ့ နည်းလမ်းအမှားကို ဆောင်ရွက်နေကြပါတယ်။

ပြည်တွင်းအခွန်များဦးစီးဌာနကဆောင်ရွက်တဲ့ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းတွေမှာ ကျွန်းမာရေးစောင့်ရှောက်မှုပေးသူတွေရဲ့ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းက ရရှိတဲ့ဝင်ငွေအပေါ် ငွေထုတ်ပေးချိန်မှာ အခွန်နုတ်ယူပေးသွင်းစေတဲ့အစီအစဉ်က ကျန်းမာရေးစောင့်ရှောက်မှု ပေးသူတွေရဲ့ ဝင်ငွေအပေါ် ဝင်ငွေခွန်ကောက်ခံတဲ့ အစီအစဉ်သာ ဖြစ်ပါတယ်။

ဒါကြောင့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းတွေက ငွေထုတ်ပေးဖို့ တာဝန်ရှိသူတွေက ဆေးကုသမှုခံယူသူတွေဆီကနေ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ထပ်ဆောင်းကောက်ခံတာ လုံးဝ(လုံးဝ) မလုပ်ဖို့ ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးပါတယ်။ ဒါ့အပြင် ကျန်းမာရေးစောင့်ရှောက်မှုပေးသူတွေရဲ့ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းဟာ ကုန်သွယ်လုပ်ငန်းခွန်မကျသင့်တဲ့ဝန်ဆောင်မှုအမျိုးအစားဖြစ်လို့ ဆေးကုသမှုခံယူသူတွေဆီက ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံပေးသွင်းဖို့ မလိုအပ်ဘူးလို့လည်း ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးထားပြီး ဆရာဝန်တွေ၊ သူနာပြုတွေ ကျန်းမာရေးစောင့်ရှောက်သူတွေဆီက ၂ ရာခိုင်နှုန်း အခွန်ကောက်ရာမှာ သတ်မှတ်ပြဌာန်းချက်နဲ့ လုပ်ပါလို့လည်း ပြည်တွင်းအခွန်များဦးစီးဌာနက ညွှန်ကြားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *