October 19, 2024

MT News

Written By Thandar

ပရဟိတမိခင်ကြီး ဆရာမသန်းမြင့်အောင်ရဲ့ အသက် ၇ဝ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အနေနဲ့ ဆရာမောင်သာချိုတို့ရဲ့ စာအုပ်ထွက်ရှိခြင်း လက်မှတ်ရေးထိုးပွဲကို စက်တင်ဘာ ၂၅ ရက် နေ့လည်ပိုင်းက ရန်ကုန်မြို့ လှည်းတန်းစင်တာ ပရိုမိုးရှင်းဧရိယာမှာ ကျင်းပခဲ့ပါတယ်။

စိတ်ကူးချိုချိုစာအုပ်တိုက်က ထုတ်ဝေတဲ့ ဆရာမ‌သန်းမြင့်အောင်ရဲ့“နေဝင်ချိန်နံနက်ခင်း လင်းတဲ့အိမ်ကလေးတွေ” စာအုပ်ထွက်ရှိထားလည်း ဖြစ်ပါတယ်။

“ဒီစာအုပ်လေးက ဆရာမ အသက် ၇၀ နှစ်ပြည့်မွေးနေ့မှာ ထွက်လာတာလေးကတော့ အမှတ်တရပါပဲ။ နောက်ပြီး ဒီစာအုပ်လေးက ဆည်းဆာရိပ်က အဘိုးအဘွားတွေအကြောင်းရေးထားတဲ့ စာ ၇ ပုဒ်နဲ့ သုခရိပ်မြုံက ကလေးတွေအကြောင်း ရေးတဲ့စာ သုံးပုဒ် စုစုပေါင်းစာ ဆယ်ပုဒ် ပါဝင်တာပါ။ ပြောရရင်တော့ ကိုယ်စောင့်ရှောက်ထားတဲ့ အဘိုး၊ အဘွားတွေနဲ့ ကလေးတွေအကြောင်းဆိုတော့ ကိုယ့်မိသားစုဝင်တွေအကြောင်း ရေးထားတာလို့ပြောရမှာပါ။ အရင်တည်းကလည်း ရေးဖို့ကြိုးစားခဲ့ပေမယ့် အခုချိန်မှာ ဖြစ်လာခဲ့တာပေါ့။ ဒီစာအုပ်ကို ရေးရတဲ့ ရည်ရွယ်ချက်ကလည်း ရှိပါတယ်။ ဘာလဲဆိုတော့ ကျွန်မတို့ လူမှုအသိုင်းအဝိုင်းမှာ ဒီလို အဘိုးအဘွားတွေ ကလေးငယ်တွေရှိနေတယ် ဆိုတာကို သိစေချင်တယ်။ နောက်ပြီး သူတို့တွေ စွန့်ပစ်မခံရအောင် မေတ္တာမငတ်မွတ်ရအောင် ဘယ်လိုတွေ ဝန်းရံကူညီပေးသင့်လဲဆိုတာတွေကို သိစေချင်တဲ့အတွက် ဒီစာအုပ်လေးကို ရေးဖြစ်တာပါ” လို့ ဆရာမ သန်းမြင့်အောင်က MTNews Entertainment ကို ပြောပါတယ်။

အဆိုပါလက်မှတ်ရေးထိုးပွဲကို စာပေလောက အသိပညာရှင် အတတ်ပညာရှင်တွေတက်ရောက်ခဲ့သလို တေးရေး အရိုး၊ အဆိုတော်ပိုပို စတဲ့သူတွေ တက်ရောက်လာခဲ့ပါတယ်။

ဒါ့ပြင် ဆရာမောင်သာချိုရဲ့ “အသောကကဗျာ” စာအုပ်ထွက်ရှိတဲ့အတွက် ချစ်ခင်ရသူတွေ၊ စာဖတ်ပရိသတ်‌တွေနဲ့တွေ့ဆုံပြီးလက်မှတ်ထိုးတဲ့ အစီအစဉ်တွေကို ကျင်းပခဲ့ပါတယ်။

“ဆရာမ စာအုပ်လက်မှတ်ထိုးပွဲလုပ်မယ်ဆိုတော့ ဆရာ့ကိုလည်း ဖိတ်ခေါ်တာနဲ့ မောင်နှမနှစ်ယောက် အတူစာအုပ်ထုတ်ဝေခြင်းကို လုပ်ဖြစ်လိုက်တာပါ “လို့ စာရေးဆရာကြီး မောင်သာချိုက ပြောပါတယ်။

ဆရာမကြီးရဲ့ ယနေ့ကျရောက်တဲ့မွေးနေ့အတွက် ရည်စူးပြီး ဆွမ်းလောင်း နေ့ဆွမ်းဆက်ကပ်အလှူကိုလည်း အနုပညာဆည်းဆာရိပ်ဘိုးဘွားရိပ်သာ မြရွှေပင်သဒ္ဓမ္မသုခ ဓမ္မရိပ်သာမှာ ကျင်းပခဲ့ပါတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *