၂၅. ၉. ၂၀၂၃
Written by Nay Aung
အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံနှင့်နယ်စပ်ချင်းထိစပ်နေသော နယ်နမိတ်တစ်လျှောက် မိုင်ပေါင်း ၄၃ မိုင်ကျော်ကို နယ်စပ်ခြံစည်းရိုးခတ်ရန် စီစဉ်လျက်ရှိနေကြောင်း အိန္ဒိယသတင်းများတွင် ဖော်ပြထားသည်။
မဏိပူရပြည်နယ်ဝန်ကြီးချုပ်အမ်ဘီရမ်ဆင်းသည် ပြီးခဲ့သောရက်ပိုင်းတွင် မြန်မာနှင့်အိန္ဒိယနိုင်ငံကြား ခွင့်ပြုထားသော ဗီဇာမလိုဘဲ ၁၆ ကီလိုမီတာအထိ လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်ကို ဖျက်သိမ်းရန် ဗဟိုအစိုးရထံ တောင်းဆိုခဲ့ပြီး နောက်တစ်ရက်အကြာတွင် နယ်စပ်ခြံစည်းရိုးခတ်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
မဏိပူရပြည်နယ်ဝန်ကြီးချုပ်သည် နယ်စပ်လမ်းတံတားအဖွဲ့အစည်း (BRO) နှင့်တွေ့ဆုံပြီး အိန္ဒိယနှင့် မြန်မာနိုင်ငံတို့၏ နယ်စပ်ကို ခြံစည်းရိုးခတ်ရန် စက်တင်ဘာ ၂၄ ရက်နေ့က ဆွေးနွေးခဲ့ကြောင်း သိရသည်။ မဏိပူရပြည်နယ်ဝန်ကြီးချုပ်က မူးယစ်ဆေးဝါးများကို မှောင်ခိုတင်ပို့ခြင်းနှင့် တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းခြင်းများကို စစ်ဆေးနိုင်ရန်အတွက် မြန်မာနှင့် အိန္ဒိယနိုင်ငံနယ်စပ်ဒေသတစ်လျှောက်ကို ခြံစည်းရိုးခတ်ရမည်ဖြစ်ကြောင်း ပြောသည်။
မဏိပူရပြည်နယ်ဝန်ကြီးချုပ်က “ကျွန်တော်တို့ဟာ BRO အဖွဲ့တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်။ အိန္ဒိယနဲ့ မြန်မာနယ်စပ်ဒေသတစ်လျှောက် မိုင်ပေါင်း ၄၃ မိုင်ကျော် (၇၀ ကီလိုမီတာ)ကို နယ်စပ်ခြံစည်းရိုးခတ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဘက်ခြမ်းကို တရားမဝင် ဝင်ရောက်ဖို့ ကြိုးပမ်းတာတွေ၊ မူးယစ်မှောင်ခိုတင်သွင်းဖို့ကြိုးပမ်းနေတာတွေ မြင့်တက်နေတယ်။ အဲဒီအတွက် နယ်စပ်ဒေသ ခြံစည်းရိုးခတ်တာတွေကို အမြန်ဆုံးလုပ်ဆောင်ဖို့ လိုအပ်တယ်”ဟု ပြောသည်။
မဏိပူရပြည်နယ်ဝန်ကြီးချုပ်သည် ပြီးခဲ့သောရက်ပိုင်းတွင် အိန္ဒိယနှင့် မြန်မာနိုင်ငံကြားခွင့်ပြုထားသော Free Movemement Regime စနစ်ကို ဆိုင်းငံ့လိုက်ကြောင်းကြေညာခဲ့သလို အိန္ဒိယဗဟိုအစိုးရကိုလည်း အဆိုပါစနစ် အပြီး တိုင် ဖျက်သိမ်းရန် တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။ အဆိုပါစနစ်အရ နယ်စပ်ဒေသတွင်နေထိုင်သူများသည် အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ ဗီဇာမလိုဘဲ ၁၆ ကီလိုမီတာအထိ သွားလာခွင့်ရမည်ဖြစ်သလို အိန္ဒိယနိုင်ငံသားများသည်လည်း ဗီဇာမလိုဘဲ နယ်စပ်ဒေသမှ မြန်မာနိုင်ငံပိုင်နက် ၁၆ ကီလိုမီတာအတွင်းကို လွတ်လပ်စွာသွားလာခွင့်ရရှိခဲ့သည်။
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်သည် မြန်မာနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသော အိန္ဒိယပြည်နယ်တစ်ခုဖြစ်ပြီး ကီလိုမီတာ ၃၉၀ ကျော်နယ်နမိတ်ထိစပ်နေကြောင်း သိရသည်။
Ref; hindustantimes