၂၅.၉.၂၀၂၃
Translated by Htwe Ko Tun
ထိုင်းနိုင်ငံတွင် ဆိုက်ဘာရာဇဝတ်မှုခေါ် အင်တာနက်ကိုသုံး၍ ရာဇဝတ်မှုများကျူးလွန်ခြင်းကို စုံစမ်းဖော်ထုတ်သည့် ဆိုက်ဘာရာဇဝတ်မှု စုံစမ်းဖော်ထုတ်ရေး ရဲအဖွဲ့(CCIB) က ဘန်ကောက်မြို့ရှိ ထိုင်းရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ ရဲဗိုလ်ချုပ်ကြီး ဆူရာချတီ ဟတ်ပွန်၏အိမ်ကို စက်တင်ဘာလ ၂၅ ရက်နံနက်က ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။
အဆိုပါရှာဖွေမှုက ဆိုက်ဘာရာဇဝတ်မှုရဲတပ်ဖွဲ့၏ Big Cleaning Day ခေါ် ကြီးမားသောစစ်ဆင်ရေး၏ အပိုင်းတစ်ပိုင်းဖြစ်ကြောင်းလည်း သိရသည်။ ဆိုက်ဘာရာဇဝတ်မှုရဲတပ်ဖွဲ့နှင့်အတူ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဌာနခွဲနှင့်မြို့တော်ရဲတပ်ဖွဲ့တို့မှ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်များလည်းပါဝင်ကြကာ တရားရုံးတစ်ခု၏ ရှာဖွေခွင့်ဝရမ်းနှင့်အတူ ဝင်ရောက်ရှာဖွေကြခြင်းဖြစ်သည်။
ရှာဖွေမှုကို Soi Vibhavadi 60 လမ်းသွယ်ရှိ ဆူရာချတီက ၎င်း၏တပည့်ငယ်သားများအတွက် ဝယ်ပေးထားသော အိမ်ငါးလုံးတွင်ပါ ပြုလုပ်ခဲ့ခြင်းဟု သိရသည်။ ဆူရာချတီက ရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ ရဲဗိုလ်ချုပ်ကြီးဟူသည့် ၎င်း၏ အဆင့်ကြောင့် ဝင်ရောက်ရှာဖွေမှုကို ဦးစွာခွင့်မပြုခဲ့သော်လည်း CCIB ရဲတပ်ဖွဲ့ ရဲချုပ် ရဲဒုတိယဗိုလ်ချုပ်ကြီး ဗိုရာဗတ်ရောက်ရှိလာအပြီးတွင်မူ ၎င်းက ဝင်ရောက်ရှာဖွေခွင့် ပြုခဲ့ရသည်။
ဆူရာချတီ၏အိမ်က စက်တင်ဘာလ ၂၅ ရက်နံနက်တွင် ထိုင်းနိုင်ငံအတွင်း ဘန်ကောက်မြို့နှင့် အခြားပြည်နယ်ငါးခုဖြစ်သည့် ပက်ရှ်ဘူရီ၊ ဆာမတ်ပရာခန်၊ ခုန်ခန်း၊ အူဒုန်သာနီနှင့် ဆာရာဘူရီတို့၌ ရဲတပ်ဖွဲ့ က ဝင်ရောက်ရှာဖွေခဲ့သော အိမ် ၃၀ ခန့်အနက်တစ်ခုဟုလည်း သိရသည်။
ရဲဗိုလ်ချုပ်ကြီး ဆူရာချတီနှင့်နီးစပ်သော ၎င်း၏တပည့်ရဲအရာရှိများပိုင်ဆိုင်သည့် အခြားအိမ်များကို ထိုရဲအရာရှိများက ဘတ်ငွေ တစ်ဘီလျံခန့်စီးဆင်းလည်ပတ်နေသော လာအိုနိုင်ငံအတွင်း အွန်လိုင်းလောင်းကစားမှုများ၌ ပါဝင်ပတ်သက်နေ သည်ဟု စွပ်စွဲကာ ဝင်ရောက်ရှာဖွေခဲ့ခြင်းဟု သိရသည်။
CCIB ရဲတပ်ဖွဲ့က အွန်လိုင်းပေါ်မှ ငွေကြေးအလွှဲအပြောင်းများကို စုံစမ်းဖော်ထုတ်လျက် လိုအပ်သော သက်သေများရယူကာ တရားရုံးမှ ရှာဖွေဖမ်းဆီးခွင့် ဝရမ်းများကိုရယူခဲ့ခြင်းဖြစ်သည်။ Big Cleaning Day စစ်ဆင်ရေး၏အောက်တွင် ရဲဗိုလ်မှူးချုပ်တစ်ယောက်နှင့် ရဲမှူးကြီးတစ်ယောက်တို့အပါအဝင် ရဲအရာရှိများ ဖမ်းဆီးခံခဲ့ရကြောင်းလည်း သိရသည်။
ဆူရာချတီက ၎င်း၏လက်အောက်မှ ရဲအရာရှိ ငါးဦးမှ ခြောက်ဦးအထိမှာ အွန်လိုင်းလောင်းကစားမှုများတွင် ပါဝင်ပတ် သက်နေမှုကြောင့် ဖမ်းဆီးခွင့်ဝရမ်းများနှင့် ဖမ်းဆီးခံထားရကြောင်း၊ ၎င်းနှင့်အတူ ၎င်း၏တပည့်များအားလုံး အပြစ်ကင်းရှင်းကြောင်းသက်သေပြသွားမည်ဟု သတင်းထောက်များကိုပြောခဲ့သည်။
၎င်းအနေဖြင့် မည်သည့်လောင်းကစားဝက်ဘ်ဆိုတ်များနှင့်မှ မပတ်သက်ခဲ့၊ ငွေကြေးမရယူခဲ့ဟုလည်း ဆူရာချတီကပြောခဲ့သည်။ ရှာဖွေမှုတွင် ၎င်း၏အိမ်မှ ဥပဒေနှင့်မညီသော ပစ္စည်းတစ်စုံတစ်ရာမတွေ့ခဲ့ဟုလည်း ပြောခဲ့သည်။ ၎င်း၏ရဲတပ်ဖွဲ့တွင် လက်ရှိရာထူးအလုပ်အကိုင်အပေါ် ထိခိုက်မှုများရှိမည်ဟုစိုးရိမ်ပါသလောမေးမြန်းရာတွင် ဆူရာချတီက ၎င်းမှာရွေးကောက်ခံကိုယ်စားလှယ်လောင်းတစ်ဦးမဟုတ်၍ ရှာဖွေမှုအပြီးတွင် အလုပ်သို့ပုံမှန်အတိုင်းသွားရန် စီစဉ်ထားကြောင်းဖြေခဲ့သည်။
Ref—-Bangkok Post