၂၅. ၈. ၂၀၂၃
Written by Thandar
Alternative အဆိုတော်ကိုင်ဇာတင်မုံရဲ့ ကြိုးလှေကားစာအုပ်ကို ငါ့တို့စာပေက စက်တင်ဘာ ၁၃ ရက်မှာ စတင်ဖြန့်ချိထားတယ်လို့ သိရပါတယ်။
“ကိုင်ဇာတင်မုံက ကိုယ်တိုင်ရေးခဲ့တဲ့ ဝတ္ထုလေးပါ။ ကြိုးလှေကားစာအုပ်က သူ မကွယ်လွန်ခင် နှစ်ပေါင်းများစွာကတည်းက ရေးသားခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ စာအုပ်မှာ မင်းခက်ရဲ၊ အံ့ဘွယ်ဇင်၊ ရဲငွေစိုးတို့ကနေ အမှာရေးပေးထားပါတယ်။ အမှာစာတွေကို ဖတ်ကြည့်လိုက်ရင် ကိုင်ဇာတင်မုံရဲ့ အနုပညာဖန်တီးမှုတွေအကြောင်းကို ရိပ်ဖမ်းသံဖမ်းနားလည်လာနိုင်ပါလိမ့်မယ်”လို့ ငါတို့စာပေက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
Antibiotics Band က တေးရေး တေးဆို ကိုင်ဇာတင်မုံက အသက် ၄၂ နှစ်အရွယ် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က နှလုံးရောဂါနဲ့ Golden City နေအိမ်မှာ ဆုံးပါးသွားခဲ့တာလည်း ဖြစ်ပါတယ်။
ကိုင်ဇာတင်မုံဟာ စာပေရေးသားခြင်းသာမက ပန်းချီဆွဲခြင်း၊ ကာတွန်းရုပ်ပြရေးသားခြင်းတို့လည်း ဖန်တီးပြုလုပ်ခဲ့ပါသေးတယ်။ သူကွယ်လွန်သွားတဲ့အခါ သူ့ပန်းချီကားတွေနဲ့ ကာတွန်းလက်ရာတချို့လည်း ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။
ကိုင်ဇာတင်မုံ ဖန်တီးထားတဲ့ ကြိုးလှေကားနဲ့ ပတ်သက်ပြီး “အခုပုံဟာ ကိုင်ဇာတင်မုံကိုယ်တိုင် ရေးဆွဲခဲ့ပြီး ကြိုးလှေကားစာအုပ်အတွက် ဖန်တီးထားတဲ့ သရုပ်ဖော်ပုံဖြစ်ပါတယ်။ အမှတ်တရအဖြစ် ဖော်ပြလိုက်ပါတယ်။ ပုံပြင်လေးက ဒီလိုပါ…ဝိညာဉ်ဂေဟာရဲ့ တစ်ခုသောမြင်ကွင်းကိုလှမ်းပြီး ကြည့်ကြည့်လိုက်မယ်ဆိုရင် အဲ့ဒီနေရာမှာ အသက်ရှင်နေထိုင်ကြတဲ့ သက်ရှိမျိုးစိတ်တစ်မျိုးကို တွေ့မြင်ရပါလိမ့်မယ်။ အဲ့ဒီသက်ရှိမျိုးစိတ်ကို ဝိညာဉ်လို့ ခေါ်ပါတယ်” လို့ သူက ဆက်ပြောပြပါတယ်။
“ကြိုးလှေကား” စာအုပ်ကို စာမျက်နှာ ၁၇၀ မျက်နှာ (Creamy စက္ကူ) နဲ့ ထုတ်လုပ်ထားပြီး တန်ဖိုးအနေနဲ့ ကျပ် ၉၀၀၀ သတ် မှတ်ထားပါတယ်။