၂၅.၉.၂၀၂၃
Written By Thandar
Indulgence (အဖြည့်ခံ) English Language ရုပ်ရှင်ကို အမေရိကန်နိုင်ငံရှိ Oscar နဲ့ BAFTA (British Academy of film and television) အဆင့်မီ LA Shorts Film festival မှာ ပြသဖို့ရွေးချယ်ခံရတယ်လို့ MTNews Entertainment ကို Executive Producer နဲ့ Hollywood ရုပ်ရှင်သရုပ်ဆောင် Chrissy Aung က ပြောပါတယ်။
ဒီဇာတ်ကားကို အမေရိကန်နိုင်ငံ Los Angeles မြို့ Downtown ရှိ Regal La Live theatre မှာ ၂၀၂၃ ခုနှစ် ဇူလိုင် ၂၁ ရက်က အထူးပွဲအနေနဲ့ LA Shorts Film festival က ကြီးမှူးပြသခဲ့ရာ အမေရိကန်-မြန်မာ ရုပ်ရှင်မင်း သားမင်းသမီးတွေနဲ့ ထုတ်လုပ်သူတွေ၊ စာနယ်ဇင်းအဖွဲ့တွေအပြင် အမေရိကန်ရုပ်ရှင်အသိုင်းအဝိုင်းက တာဝန်ရှိသူတွေ တက်ရောက်ပြီး ရုံပြည့်ရုံလျှံအားပေးခဲ့တာလည်း ဖြစ်ပါတယ်။
Indulgence ရုပ်ရုင်ဇတ်လမ်းတို (၁၆ မိနစ်) ဇာတ်ကားဟာ Chrissy Aung ရဲ့ ဖြစ်ရပ်မှန် Story ကို Director Bruce Chiu က ပြန်လည်ရေးသား ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ အမေရိကရှိ Film School တွေထဲက No.1 ဖြစ်တဲ့ U.S.C flim school ဘွဲ့ရ Taiwanese American လူမျိုး Bruce Chiu က ဒါရိုက်တာအဖြစ် ရိုက်ကူးတင်ဆက်ထားတာလည်း ဖြစ်ပါတယ်။
“မ Chrissy ရဲ့ ရည်မှန်းချက်ပန်းတိုင်က Oscar ရခဲ့တဲ့ Korean စကားပြော Parasite, Minari ရုပ်ရှင်တွေလို ရုပ်ရှင်အနုပညာပြည့်ဝပြီး ဟာကွက်မရှိတဲ့ အဆင့်အတန်းမီ မြန်မာစကားပြော ရုပ်ရှင်ကားတွေကို Hollywood movie industry မှာ ထိုးဖောက်နိုင်ဖို့အတွက် ကြိုးစားနေပါတယ်။ ဒါ့အပြင် LGBTQ တွေရဲ့ ဖြစ်ရပ်မှန် Story တွေကို အခြေခံပြီး LGBTQ အပေါ် လှောင်ပြောင်သရော်မှုတွေကို အဆုံးသတ်စေပြီး ခေတ်နဲ့လျော်ညီစွာ တွေးခေါ်နိုင်စေတဲ့ ရုပ်ရှင်တွေကိုလည်း ဆက်လက်ကြိုးစားရိုက်ကူးသွားမယ်”လို့ အမေရိကန်နိုင်ငံနေ ရုပ်ရှင်သရုပ်ဆောင် Chrissy Aung က ပြောပါတယ်။
အဆိုပါ Indulgence ဇာတ်ကားမှာ မင်းသား Russell Hornsby နဲ့ မင်းသမီး Chrissy Aung တို့က ကာရိုက်တာနဲ့ လိုက်ဖက်အောင် အပြိုင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်ပို့တွေအနေနဲ့ Thai American Actress Sotida Arpon နဲ့ တခြားအမေရိကန်သရုပ်ဆောင်တွေလည်း ပါဝင်ကြတယ်လို့ သိရပါတယ်။
ထုပ်လုပ်သူများအနေနဲ့ သရုပ်ဆောင် Chrissy Aung, Hollywood ရုပ်ရှင်ပညာရှင် Wunna Myo Thein၊ Thai American Actress Sotida Arpon တို့ဖြစ်တယ်လို့ သိရပါတယ်။
ဇာတ်လမ်းကတော့ Transgender အမျိုးသမီး ခရစ္စတင်းက သူမရဲ့ Transgender ဘဝ ပြန်လည်ကောင်းမွန်လာစေဖို့ တန်ဖိုးထားလာဖို့ ခက်ခဲတဲ့ရွေးချယ်မှုတစ်ခုကိုဆုံးဖြတ်ရပါတော့မယ်။ သူဟာ တစ်ကိုယ်ကောင်းဆန်ပြီး နိုင့်ထက်စီးနင်းလုပ်တဲ့ ချစ်သူရဲ့ လှည့်ဖျားမူတွေကို စွန့်လွှတ်လိုက်မလား။ ပြိုပျက်နေတဲ့ အချစ်ကိုပဲ ဦးစားပေးမလား။ သူတန်ဖိုးထားရမယ်ဆိုတဲ့ Love yourself (မိမိကိုယ်သာမိမိချစ်ပါ။ မြတ်နိုးပါ) ကို နားလည်သဘောပေါက်သွားမလားဆိုတဲ့ Drama နဲ့ Thriller 16 min short film ဖြစ်ပါတယ်။ဒီဇာတ်ကားကို Gold အဆင့်ရှိတဲ့ Silicon Beach film festival ကလည်းထပ်မံ ရွေးချယ်လိုက်ပြီး Hollywood ရှိ သမိုင်းဝင် TCL Chinese theatre မှာ ၂၀၂၃ စက်တင်ဘာ ၁၁ ရက်နေ့က Silicon Beach Film Festival ကပဲ အထူးပွဲ ပြသပြီးလည်းဖြစ်ပါတယ်။
Hollywood ရဲ့ အထင်ကရ TCL Chinese theatre သမိုင်းမှာ မြန်မာပြည်ဖွား ရုပ်ရှင်သရုပ်ဆောင် Chrissy Aung က အဓိက သရုပ်ဆောင်ပိုင်းရော Executive Producer အဖြစ်ပါ ထုတ်လုပ်ထားတဲ့ Indulgence ကားဟာ အမေရိကန်မှာ ရွေးချယ်ပြသခံရတဲ့ ပထမဆုံး မြန်မာသရုပ်ဆောင်နဲ့ ထုတ်လုပ်သူလည်းဖြစ်ပါတယ်။
“ပြီးခဲ့တဲ့ ၂ နှစ်တုန်းကလည်း Director Bruce Chiu နဲ့ အဓိကသရုပ်ဆောင်တွေဖြစ်တဲ့ Chrissy Aung နဲ့ ဇော်မျိုးထက်ရဲ့ မြန်မာစကားပြော Imperfectly Complete ဇာတ်လမ်းတို့ကိုလည်း London ရှိ Oscar နဲ့ BAFTA အဆင့်မီ Raindance Film festival အပါအဝင် အခြားအထင်ကရ Film Festival ၅ ခုမှာလည်း ရွေးချယ်ခြင်းခံရပါတယ်။ Cast and Crew အားလုံးရဲ့ ကြိုးစားဖန်တီးမှုတွေ အရာထင်ခဲ့ပါတယ်”လို့ သူမကဆက်ပြောပါတယ်။