၂၅. ၉. ၂၀၂၃
Written by KL
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ သီတာလမ်းတွင် စက်တင်ဘာ ၂၅ ရက် နံနက်အစောပိုင်းက မီးစက်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ တည်းခိုခန်းနှင့် ဆိုင်ခန်းအချို့ မီးလောင်ဆုံးရှုံးခဲ့သည်။
ဖြစ်စဥ်မှာ စက်တင်ဘာ ၂၅ ရက် နံနက် ၄ နာရီ ၅၅ မိနစ်က လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ် အမှတ်(၅) ရပ်ကွက်၊ သီတာလမ်းရှိ ရွှေရိုးတည်းခိုခန်း၏ မီးစက်ခန်းတွင် မီးစက်နှိုးထားရာမှ အပူလွန်ကဲပြီး မီးတောက်ထွက်ရာမှ ဘေးတွင်ရှိသော အဆောက်အဦသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရသည်။
“မီးလောင်တာက ခဏလေးနဲ့ ဆိုင်ခန်းတွေရော အိမ်တချို့ပါ ပါကုန်တာ”ဟု အဆိုပါရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
အဆိုပါမီးလောင်မှုမှာ မိနစ် ၃၀ နီးပါးကြာမြင့်ခဲ့ပြီး တည်းခိုခန်းအပါအဝင် ၁၀ ပေ ပတ်လည် စျေးဆိုင်ခန်း ၃ ခန်း၊ သွပ်မိုးအုတ်ကာ ကွန်ကရစ်ခင်း ၁ ထပ်အဆောက်အအုံတစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၁၂ စီး၊ ရေသယ်ယာဥ် ၉ စီး၊ အထောက်အကူပြုယာဥ်၊ ကွပ်ကဲမှုယာဥ်တို့နှင့်အတူ မီးသတ်တပ်ဖွဲ့ဝင် ၁၀၀ ကျော်ဖြင့် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရှိရသည်။