၂၅.၉.၂၀၂၃
Translated by Htwe Ko Tun
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်ပြည်နယ်၏ မယ်ဆိုင်ခရိုင်အတွင်း ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက်ခြမ်း၌ ထိုင်းလုံခြုံရေးတပ်ဖွဲ့များနှင့် မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်သူများ စက်တင်ဘာလ ၂၄ ရက် နံနက်က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြပြီးနောက် မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်ရေးဂိုဏ်းသားများ စွန့်ပစ်ခဲ့ကြသော Ice ဟုလူသိများသည့် ခရစ်စတယ်မက်သ်အဖက်တမင်း စိတ်ကြွမူးယစ်ဆေး ၂၂၅ ကီလိုဂရမ်ခန့်ကို သိမ်းဆည်းမိခဲ့ကြောင်း ထိုင်းလုံခြုံရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါမူးယစ်ဂိုဏ်းသား ၁၀ ဦးခန့်က တောလမ်းမှနေ၍ Sai မြစ်ကိုဖြတ်ကာ မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံအတွင်းဝင်ရောက်လာကြစဉ် မူးယစ်ဆေးဝါးနှိမ်နင်းရေးဆောင်ရွက်နေသော ထိုင်းလုံခြုံရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။
လုံခြုံရေးတပ်ဖွဲ့များက ၎င်းတို့အား ရပ်တန့်ရန်အမိန့်ပေးသော်လည်း မူးယစ်ဆေးဝါးသယ်ဆောင်လာသူများက ခုခံပစ်ခတ်ရာ ငါးမိနစ်ခန့် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။ ၎င်းတို့က ရှမ်းပြည်နယ်အတွင်းနေထိုင်ကြသော ဝ (သို့မဟုတ်) တိုင်းရိုင်လူမျိုးစုများဟု ယုံကြည်ရကြောင်းလည်း ထိုင်းလုံခြုံရေးတပ်ဖွဲ့က ပြောခဲ့သည်။
ထိုင်းလုံခြုံရေးတပ်ဖွဲ့များဘက်မှ ပစ်ခတ်မှုအတွင်းတစ်စုံတစ်ရာထိခိုက်မှုမရှိကြောင်းနှင့် နယ်မြေကို ဆက်လက်ရှင်းလင်းရာတွင် တစ်အိတ်လျှင် Ice မူးယစ်စိတ်ကြွဆေး ၂၀ မှ ၂၅ ကီလိုဂရမ်ပါသော ကျောပိုးအိတ်ကိုးအိတ်ကို တွေ့ရှိသိမ်းဆည်းမိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ထိုမူးယစ်ဆေးဝါးများကို မြန်မာနိုင်ငံအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လူမျိုးစုလက်နက်ကိုင်အုပ်စုများက ၎င်းတို့၏ ဓာတ်ခွဲခန်း၌ ထုတ်လုပ်ကြကာ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်ခရိုင်အတွင်း မူးယစ်ဆေးများသိုလှောင်ရာနေရာသို့ပို့ဆောင်၍ ထိုမှနယ်စပ်ကိုဖြတ်ကာ ထိုင်းနိုင်ငံတွင်းခိုးသွင်းကြခြင်းဟု ယုံကြည်ရကြောင်းလည်း ထိုင်းလုံခြုံရေးတပ်ဖွဲ့များက ပြောခဲ့ကြသည်။
Ref——Thai PBS