၂၅.၉.၂၀၂၃
Written By Thandar
ဖိလစ်ပိုင်နိုင်ငံက Mister Tourism Globe 2023 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ကချင်တိုင်းရင်းသား Yaw Thurt Gom Hkaung ဝင်ရောက်ယှဥ်ပြိုင်ဖို့ သွားရောက်နေတယ်လို့ MTNews Entertainment ကို ပြောပါတယ်။
“ကျွန်တော့်ပြိုင်ပွဲက ခရီးသွားလုပ်ငန် မြှင့်တင်တာနဲ့ဆိုင်တာဆိုတော့ ပွဲတစ်လျှောက်မှာ ကိုယ့်ရဲ့အပြုအမူ အပြောအဆိုကနေတစ်ဆင့် ကျွန်တော်တို့နိုင်ငံသားတွေရဲ့ နွေးထွေးဖော်ရွေမှုကို ချပြမယ်။ ဒီတစ်ခေါက် ပြိုင်ပွဲသွားရတာ စိတ်လည်း ပိုလှုပ်ရှားတဲ့အပြင် ပိုပျော်ဖို့ကောင်းတယ်။ ကိုယ်ကလည်း အများကြီး အသေးစိတ်ပြင်လာတာမို့ ပိုပြီးရင်ခုန်မိတယ်။ ဘယ် လို အဖြေထွက်လာမလဲ ပိုရင်ခုန်မိတယ်။ Talent နဲ့ Formal Wear ပိုင်းတွေလည်း အကောင်းဆုံးပြင်ဆင်ထားပါတယ်။ ကျွန်တော့်အတွက် Challenge ကတော့ လေယာဥ် ၃ ဆင့် စီးရတာပါပဲ။ အခုထိတော့ ပြိုင်ပွဲထဲ မရောက်သေးဘူး။ ခုတော့ မနီလာတော့ ရောက်နေပါပြီ။ ညနေပိုင်းပြိုင်ပွဲအချိန်တော့ မှီပါတယ်”လို့ Yaw Thurt Gom Hkaung က MTNews Entertainment ကို ပြောပါတယ်။
ဒီပြိုင်ပွဲကြီးမှာ ဖိလစ်ပိုင်၊ အိန္ဒိယ၊ မလေးရှား၊ နိုင်ဂျီးရီးယား၊ ဗင်နီဇွဲလား စတဲ့ နိုင်ငံပေါင်း ၂၀ ကျော်နီးပါး လာရောက်ယှဉ်ပြိုင်ကြတာလည်း ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကိုတော့ ဒီနေ့ စက်တင်ဘာ ၂၅ ရက် ညပိုင်းကနေ ၂၉ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ၊ အယ်လ်ဘေမြို့မှာ ကျင်းပမှာပါ။ Yaw Thurt Gom Hkaung ကတော့ ပြိုင်ပွဲဝင်ဖို့အတွက် စက်တင်ဘာ ၂၄ ရက်က မြန်မာပြည်က စတင်ထွက်ခွာသွားတာလည်း ဖြစ်ပါတယ်။
“National Costume ဆိုရင်လည်း နှစ်စုံတော့ ကြိုတင်ပြင်ဆင်ယူလာခဲ့တယ်။ ပထမဝတ်စုံအဆင်မပြေခဲ့ရင်ပေါ့။ ပထမဝတ်စုံကတော့ ခုချိန်ထိတော့ လေဆိပ်မှာ ဖြတ်သန်းခွင့်ရနေသေးတယ်။ Prince of Traditional လို့ ဒီဇိုင်နာက နာမည်ပေးထားတယ်။ အဓိက ချင်းလူမျိုး၊ နာဂလူမျိုး၊ ကချင်လူမျိုးတွေမှာ သူတို့ရဲ့ ခေတ်အလိုက် Pattern ကို အခြေခံထားတယ်။ တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွှတ်မှုရယ် ပြသဖို့အတွက် တီထွင်ဖန်တီးထားတဲ့ ဝတ်စုံလေးပါ”လို့ သူကဆက်ပြောပါတယ်။
သူက ၂၀၂၂ ခုနှစ်မှာ ကျင်းပခဲ့တဲ့ Mister Grand Myanmar 2022 ပြိုင်ပွဲမှာ 1st runner up ဆု၊ ဒီဇင်ဘာလအတွင်း ထိုင်းနိုင်ငံ၊ ခွန်ကန်မြို့မှာ တတိယအကြိမ်မြောက်ကျင်းပခဲ့တဲ့ Mister Friendship International 2022 ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီးတော့ Fashion Model Award ဆုတွေကိုလည်း ရရှိထားသူလည်း ဖြစ်ပါတယ်။