၂၅. ၉. ၂၀၂၃
Written by Nyein Kyaw
ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီတိုင်းဒေသကြီးများအတွင်း ယူရီးယားဓာတ်မြေဩဇာ တစ်အိတ်ဈေးနှုန်း အများဆုံး ကျပ် ၉၀,၀၀၀ ဝန်းကျင်သာရှိရမည်ဖြစ်ပြီး ကျပ် ၁၀၀,၀၀၀ အထက် ရောင်းချနေပါက သတင်းပေးပို့နိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
“ဓာတ်မြေဩဇာနဲ့ ပတ်သက်လို့ရှိရင် တစ်သိန်းခွဲလောက်ဖြစ်နေတယ်ဆိုတာ မဟုတ်ပါဘူး။ နေရာပေါ်မှာတော့ မူတည်တာပေါ့။ တချို့နေရာတွေက အရမ်းကိုအစွန်အဖျားကျရင်တော့ တစ်မျိုးဖြစ်မှာပေါ့။ အကြမ်းဖျင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အစိုးရက သတ်မှတ်ထားတဲ့ဈေးက ၇၇,၀၀၀ လောက်ပဲရှိတယ်။ အဲဒီဝန်းကျင်မှာပါပဲ။ အပြင်မှာရောင်းဖို့အတွက်ကတော့ ၈၀,၀၀၀ ကျော်ပေါ့။ ကျွန်တော်တို့မှန်းတာကတော့ တစ်အိတ်ကို ၈၀,၀၀၀ နဲ့ ၉၀,၀၀၀ ဝန်းကျင်မှာ ရှိကောင်းရှိနိုင်ပါတယ်။ ယူရီးယားပေါ့။ တစ်သိန်းမကျော်နိုင်ပါဘူး။ အဓိကကျတဲ့ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်၊ မန္တလေးပေါ့။ စသဖြင့်ပေါ့။ ဒီနေရာတွေမှာ ၁၀၀,၀၀၀ မကျော်နိုင်ပါဘူး။ ၁၀၀,၀၀၀ ကျော်နဲ့ ဝယ်နေရပြီဆိုရင်လည်း သတင်းပေးဖို့လိုအပ်တယ်” မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် အစိုးရမှ သတ်မှတ်ထားသော ယူရီးယားဓာတ်မြေဩဇာ ဈေးနှုန်းများ အပတ်စဉ်ဖော်ပြပေးသွားမည်ဖြစ်ပြီး ယူရီးယားဓာတ်မြေဩဇာများကို တစ်အိတ် ကျပ် ၁၀၀,၀၀၀ ကျော် အထိ ပေးဝယ်နေရသည့် တောင်သူများ အသင်းချုပ်သို့ ဆက်သွယ်နိုင်ကြောင်းနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
“အစိုးရက ထုတ်ပြန်တဲ့ဈေးကို ကျွန်တော်တို့အသင်းချုပ် Facebook Page ကနေ ထပ်ပြီးထုတ်ပေးဖို့ရှိပါတယ်။ အကယ်၍ ဒီဈေးတွေနဲ့ ဝယ်လို့မရဘူးဆိုရင် ကျွန်တော်တို့ကို ပြောပါ။ ကျွန်တော်တို့ ညှိပေးပါ့မယ်” ဟု ဦးရဲမင်းအောင်က ပြောသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ စက်တင်ဘာ ၁၆ ရက်မှ အောက်တိုဘာ ၁၅ ရက်အထိ သတ်မှတ်ထားသည့် ရန်ကုန်အထိုင် ဓာတ်မြေဩဇာဈေးနှုန်းများမှာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်ဈေးနှုန်း ယူရီးယား (ပုလဲအလုံးကြီး) တစ်အိတ် ကျပ် ၆၈,၈၀၀ နှင့် ကွန်ပေါင်း (၁၅ ပတ်လည်) တစ်အိတ် ကျပ် ၁၁၅,၀၀၀ ဖြစ်ပြီး ရန်ပုံငွေပြင်ပ ပုံမှန်ဈေးနှုန်း ယူရီးယား (ပုလဲအလုံးကြီး) တစ်အိတ် ကျပ် ၇၇,၀၀၀ နှင့် ကွန်ပေါင်း (၁၅ ပတ်လည်) တစ်အိတ် ကျပ် ၁၁၅,၀၀၀ ဖြစ်သည်။
အထက်ပါဈေးနှုန်းများသည် သက်ဆိုင်ရာမြို့နယ်များသို့ သယ်ဆောင်စရိတ်များ၊ အခြားစရိတ်များရှိနိုင်ကြောင်း၊ ယင်းဈေး နှုန်းထက် အဆမတန်မြင့်များနေ၍ ဝယ်ယူရန်အခက်အခဲရှိပါက ဝယ်ယူလိုသော ဆန်စပါးစိုက်ပျိုးသည့် တောင်သူများအနေဖြင့် တောင်သူ ၁၀ ဦးမှ ၁၅ ဦးခန့် စုပေါင်း၍ လိုအပ်သောပမာဏကို ဆက်သွယ်တင်ပြနိုင်ကြောင်း သိရသည်။