၂၅. ၉. ၂၀၂၃
Written by Ko Kyaw (Minbu)
မကွေးတိုင်းဒေသကြီးအတွင်း တရားမဝင်သစ်ခွဲစိတ်မှုများအားအရေးယူမှုကြောင့် ယခုဘဏ္ဍာနှစ်တွင် တရားဝင်သစ်ခွဲစက်ပေါင်း ၃၄ လုံးအထိတိုးမြင့်လာခဲ့ကြောင်း မကွေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှုးဦးကျော်မင်းသိန်းထံက သိရသည်။
မကွေးတိုင်းအတွင်း တရားဝင်ခွင့်ပြုထားသော သစ်ခွဲစက်များမှာ သစ်စက်ကြီး၊ သစ်အချောထည်စက်၊ သစ်စက်သေး၊ လျှာထိုးစက်၊ အိမ်တွင်းစက်ဆိုကာ ငါးမျိုးရှိကြောင်း သိရသည်။
“တရားဝင်ခွင့်ပြုထားတဲ့ သစ်စက်ကို သူ့နယ်အလိုက် စက်အုပ်(တောအုပ်)အဆင့်တွေထားရှိပြီး စောင့်ကြည့်စစ်ဆေးတယ်။ မလုံလောက်ရင် တောခေါင်းအဆင့်တွေကိုပါ ထားပေးပါတယ်။ အဲဒီ့ဝန်ထမ်းတွေက သစ်စက်နဲ့ပတ်သက်ရင် အဓိကတာဝန် ရှိသူတွေပါ။ သစ်စက်တွေမှာ တရားဝင်ခွင့်ပြုထားတဲ့ပစ္စည်းနဲ့ သစ်ခွဲစိတ်မယ်ဆိုရင် သက်ဆိုင်ရာမြို့နယ်သစ်တောဦးစီးဌာနကိုတင်ပြပြီး ခွဲစိတ်မဲ့သစ်လုံးတွေကို ခွဲမိန့်တင်ရတယ်။ သစ်စက်တွေမှာ တရားမဝင်သစ်တွေခိုးပြီးခွဲတာကို တောအုပ်၊ တောခေါင်းတွေက စောင့်ကြည့်လေ့လာရတယ်။ ဒါ့အပြင် မြို့နယ်မှူးတွေကလည်း မိမိမြို့နယ်ထဲက သစ်စက်တွေကို တစ်လတစ်ကြိမ် မရောက်မရှိ စစ်ဆေးခြင်းအစီရင်ခံစာကို တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနရုံးကို တင်ပြရပါတယ်”ဟု ညွှန်ကြားရေးမှုးဦးကျော်မင်းသိန်းကပြောသည်။
ယခု ဘဏ္ဍာနှစ်အတွင်း တရားဝင်ခွင့်ပြုထားသော သစ်စက်များမှာ မကွေးခရိုင်တွင် သစ်စက်ပေါင်း ၆၀၊ မင်းဘူးခရိုင်တွင် သစ်စက် ၄၆ လုံး၊ သရက်ခရိုင်တွင်သစ်စက် ၃၆ လုံး၊ ပခုက္ကူခရိုင်တွင်သစ်စက် ၃၀ စုစုပေါင်းသစ်စက် ၁၇၂ လုံး ခွင့်ပြုထားကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်းက တရားဝင်ခွင့်ပြုထားသောသစ်စက်များမှာ မကွေးခရိုင်တွင် သစ်စက်ပေါင်း ၅၅ လုံး၊ မင်းဘူးခရိုင်တွင်သစ်စက်ပေါင်း ၃၃ လုံး၊ သရက်ခရိုင်တွင်သစ်စက်ပေါင်း ၁၇ လုံး၊ ပခုက္ကူခရိုင်တွင်သစ်စက်ပေါင်း ၂၅ လုံး၊ ဂန့်ဂေါခရိုင်တွင်သစ်စက်ပေါင်း ၈ လုံး စုစုပေါင်းသစ်စက် ၁၃၈ လုံးသာရှိခဲ့ရာမှ ယခုဘဏ္ဍာနှစ်တွင် ၃၄ လုံးအထိ တိုးမြင့်လာခဲ့သည်။
မကွေးတိုင်းဒေသကြီးအတွင်း တရားဝင်သစ်ခွဲခွင့် လိုင်စင်ထုတ်ပေးထားသော သစ်ခွဲစက်များအား သစ်တောဦးစီးဌာနဝန်ထမ်းများက စောင့်ကြည့်လေ့လာကာ တရားမဝင်သစ်များခွဲယူနေမှုအား စစ်ဆေးတွေ့ရှိပါက သစ်တောဦးစီးဌာနမှထုတ်ပြန်ထားသည့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရားဝင်ခွင့်ပြုထားသောသစ်စက်များမှသစ်များကို အခြားတစ်နယ်သို့ သယ်ဆောင်လိုပါက နယ်ကျော်သယ်ယူခွင့်ပြုလက်မှတ် တံဆိပ်အမှတ်အသားများရိုက်နှိပ်ပြီးမှသာ သယ်ဆောင်ခွင့်ရှိကြောင်းကိုလည်း မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနက သိရသည်။