၂၅.၉. ၂၀၂၃
Written by Nay Moe
ရပ်ကျေးအုပ်ချုပ်ရေးမှူးနှစ်ဦးနှင့် နိုင်ငံဝန်ထမ်းတောခေါင်းတစ်ဦး စက်တင်ဘာ ၂၂ ရက်က PDF အဖွဲ့များ၏ သ-တ်ဖြ-တ်မှုခံခဲ့ရသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဥ်များမှာ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဘောဂလိမြို့၊ အမှတ်(၄)ရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင့်ဆွေ(၅၁)နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် KNU နှင့် PDF ပူးပေါင်းအဖွဲ့ ရောက်ရှိလာပြီး ဦးတင့်ဆွေအား ဖမ်းဆီးခေါ်ဆောင်သွားကာ ရေသိုးကြီးကျေးရွာအနီး တောတွင်းအရောက် သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ နံနက် ၉ နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ စကျင်ကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဉာဏ်ဝင်း(၄၁)နှစ်သည် ၎င်း၏နေအိမ်အရှေ့၌ ထိုင်နေစဉ် PDF ၅ ဦး(စိစစ်ဆဲ)က ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ဦးသန်းဉာဏ်ဝင်းတွင် ဦးခေါင်းကျည်ထိမှန်ဒဏ်ရာ ၄ ချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ နံနက် ၉ နာရီခွဲအချိန်တွင်ပင် ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်သစ်တောဦးစီးဌာနမှ တောခေါင်း ဦးအုန်းလှိုင်(၅၄)နှစ်သည် ဦးနီကုန်းကျေးရွာမှ ထန်းပင်ကုန်းကျေးရွာသို့ တစ်ဦးတည်းဆိုင်ကယ်ဖြင့်သွားစဉ် အဆိုပါကျေးရွာ ၂ ရွာကြားအရောက်၌ စောင့်ဆိုင်းနေသည့် PDF များက သေနတ်ဖြင့်ပစ်ခတ်သ-တ်ဖြ-တ်၍ ၎င်းစီးနင်းလာသည့် ဆိုင်ကယ်အား လုယက်ယူဆောင်သွားသဖြင့် ဦးအုန်းလှိုင်တွင် ယာဘက်ရင်၊ ယာပါးတို့၌ ကျည်ဖောက်ဝင် ဒဏ်ရာ ၂ ချက်နှင့် ဝဲတံတောင် ဆစ်ကျိုးသည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။ ဦးအုန်းလှိုင်အား သ-တ်ဖြ-တ်သည့်မှာ သာယာဝတီ PDF များဖြစ်ပြီး MT News က သတင်းဖော်ပြပြီးဖြစ်ပြီး အောက်ပါလင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။