MT News
Written by Peya
ဓမ္မရာဇကဘုရား မိုးကြိုးခ ခဲ့သည့်နေရာများကို ရွှေပြန်ချရန်အတွက် ငြမ်းဆင်နေပြီး မိုးကြိုးကြောင့် ထိခိုက်မှုမတွေ့ရသော် လည်း အသေးစိတ် ထပ်မံစစ်ဆေးမှု ပြုလုပ်မည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက MT News သတင်းဌာနကို ပြောသည်။
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြိုနယ်ရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှ ဓမ္မရာဇကဘုရားကို မိုးကြိုးခသည့် ဖြစ်စဉ်မှာ စက်တင်ဘာ ၁၇ ရက် ညနေပိုင်း ၃ နာရီ ၄၅ မိနစ်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ဘုရားတွင် ရွှေချထားသည့်နေရာအချို့တွင် လျှပ်စီးရိုက်ကာ ညိုသွားခဲ့ခြင်း ဖြစ်သည်။
“ဂေါပက က ဘုရားရန်ပုံငွေနဲ့ပဲ ရွှေပြန်ကပ်တာပါ။ ဒရုန်းနဲ့ အနီးကပ်ရိုက်ကြည့်တာတော့ (မိုးကြိုးကြောင့် ဘုရားမှာ ထိခိုက်သွားတာ) မတွေ့ဘူး။ ငြိမ်းအပေါ်ထိ ရောက်သွားရင်တော့ ငြမ်းအပေါ်ကနေ ရွှေပေါ် မည်းသွားတဲ့ နေရာတွေကို ဓာတုဗေဒ ဌာနစိတ်ကနေ ခေါက်စစ်တာတို့ ဘာတို့ လုပ်မှာပေါ့။ အင်္ဂတေလွှာ ကျွမ်းသွားလား အသေးစိတ်စစ်မှာပါ” ဟု ဦးကျော်မျိုးဝင်းက ရှင်းပြသည်။
ငြမ်းဆင်သည့် လုပ်ငန်းမှာ ၂ လ ခန့် ကြာမြင့်မည် ဖြစ်ကာ ရွှေကပ်သည်မှာအချိန်မကြာကြောင်းလည်း ၎င်းက ဆိုသည်။
“ရွှေကပ်တာကတော့ လုံးတော်ပြည့် မဟုတ်ဘဲ အဲ့ဒီ မည်းသွားတဲ့ နေရာလေးတွေပါပဲ” ဟု ဦးကျော်မျိုးဝင်းက ဆိုသည်။