MT News
Written by Nay Aung
မြန်မာနိုင်ငံဘက်ခြမ်းတွင် အခြေပြုလှုပ်ရှားနေသော အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုများကျူးလွန်နေသည့်ဂိုဏ်းများကို အင်တာနက်အသုံးပြုနိုင်ရန်နှင့် သားကောင်များနှင့်ပတ်သက်ပြီး မိုလ်ဘိုင်းဖုန်းမှတစ်ဆင့် အချက်ပြပေးနေမှုများကို တားဆီးနိုင်ရန် ကြိုးပမ်းမှုအဖြစ် ထိုင်းရဲတပ်ဖွဲ့သည် တက်ခ်ပြည်နယ်နှင့် ချင်းရိုင်ဒေသတို့ရှိ Cellular Sites ၆ ခုကို ပိတ်သိမ်းလိုက်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
ထိုင်းရဲတပ်ဖွဲ့ မှ ရဲချုပ် Nathathorn Prousoontorn က မဲဆောက်မြို့တွင် ဆက်သွယ်ရေးစလောင်းများ တရားမဝင်တပ်ဆင်ကာ မြန်မာဘက်ခြမ်းကို အင်တာနက်လိုင်းရအောင်လုပ်ပေးနေသည့်နေရာနှစ်ခုအပြင် ချင်းရိုင်ပြည်နယ်ရှိ မယ်ဆိုင်နှင့် Chiang Khong ဒေသများတွင် မြန်မာဘက်ခြမ်းကို အင်တာနက်လိုင်းရအောင်လုပ်ပေးနေသည့်နေရာလေးခုတို့ကို ပိတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
မြန်မာဘက်ခြမ်းရှိ လူကုန်ကူးဂိုဏ်းများ အင်တာနက်အသုံးပြုမှု အဆင်ပြေရန်အတွက် တရားမဝင်ဖွင့်လှစ်ထားသော Cellular Sites ခြောက်ခုကို ပိတ်သိမ်းခဲ့သည့်အပြင် သုံးဦးကို ဖမ်းဆီးခဲ့ကြောင်း အဆိုပါ ဖမ်းဆီးရမိသူ သုံးဦးကိုခွင့်ပြုချက်မရှိဘဲ Radio Station တည် ထောင်မှုများအတွက် စွဲချက်တင်သွားမည်ဖြစ်ကြောင်း၊ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
အဆိုပါ စွဲချက်တင်ခံရသည့် ထိုင်းနိုင်ငံသားသုံးဦးသည်အနည်းဆုံး ထောင်ဒဏ် ၅ နှစ်အပြင် ငွေဒဏ်အဖြစ် ဘတ် ၁ သိန်း ဒဏ်ရိုက်ခံရဖွယ်ရှိနေကြောင်း ထိုင်းအခြေစိုက်သတင်းတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံဘက်ခြမ်းရှိလိမ်လည်မှုကျူးလွန်နေသော ဂိုဏ်းများ အသုံးပြုနေသည့် မိုလ်ဘိုင်းဖုန်းဖြင့်အချက်ပြမှုများကို တားဆီးနိုင်ရန်အတွက် မဲဆောက်ဒေသရှိ မိုလ်ဘိုင်းဖုန်း ဝန်ဆောင်မှု အော်ပရေတာများသည် ၎င်းတို့၏ ဖုန်းချိတ်ဆက်ရာတွင်အသုံးပြုသည့် အင်တာနာလိုင်းများကို မြန်မာနိုင်ငံဘက်ခြမ်းမှ မမီနိုင်သော နေရာများတွင်ပြောင်းလဲချိန်ညှိတပ်ဆင်ရန် တောင်းဆိုမှုများရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့မှ ရဲချုပ်က ပြောသည်။
ထိုင်းရဲတပ်ဖွဲ့အနေဖြင့် မြန်မာနိုင်ငံဘက်ခြမ်းရှိ လိမ်လည်နေသည့်ဂိုဏ်းများဝယ်ယူနိုင်ရန်အတွက် ဖုန်း SIM Cards များရောင်းချပေးနေသည့် ဂိုဏ်းများကိုလည်း ဖြိုခွင်းခဲ့ရာ ဖုန်း SIM ကတ်ပြားပေါင်း ၇၆၀၀ ကျော်နှင့် သံသယဖြစ်ဖွယ်ရှိသော နိုင်ငံခြားသား ၁၇ ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ရဲချုပ် Nathathorn Prousoontorn က ပြောသည်။
Ref; thaipbsworld