MT News
Written by Ko Kyaw (Minbu)
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တွင် ယခုဘဏ္ဍာနှစ်အတွင်း စပါးသီးနှံအား တစ်ဧကလျှင် တင်း ၁၀၀ (ပန်းတိုင်)အထွက်နှုန်းရရှိရေးအတွက် စပါးစိုက်ဧကပေါင်း ၁၁၀၀၀၀ ကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း မင်းဘူးခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှုးဦးလှမိုးထံက သိရသည်။
ခရိုင်အတွင်းရှိမြို့နယ်များအလိုက် တစ်ဧက စပါးတင်း ၁၀၀ နှုန်းထွက်ရှိရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနများနှင့်ပူးပေါင်းကာ စိုက်ပျိုးထုတ်လုပ်ကြကြောင်း သိရသည်။
“မင်းဘူး(စကု)မြို့နယ်မှာ ကျေးရွာအုပ်စုပေါင်း ၃၅ အုပ်စု၊ တောင်သူပေါင်း ၁၂၂၆၆ ဦးက စိုက်ဧက ၂၈၈၂၁ ဧက၊ ပွင့်ဖြူမြို့နယ်မှာ ကျေးရွာ အုပ်စုပေါင်း ၅၁ အုပ်စုက တောင်သူပေါင်း ၂၁၂၅ ဦးက စိုက်ဧက ၅၂၇၄၉ ဧက၊စလင်းမြို့နယ် ကျေးရွာအုပ်စုပေါင်း ၅၉ အုပ်စု၊ တောင်သူပေါင်း ၂၀၃၈၇ ဦးက စိုက်ဧက ၃၁၁၅၀ ဧကတို့ကို စက်တင်ဘာ ၂၀ မှာ ၁၀၀ ရာခိုင်နှုန်းစိုက်ပျိုးပြီးဖြစ်ပါတယ်။ ငဖဲမြို့နယ်မှာဆိုရင်လည်း ကျေးရွာအုပ်စုပေါင်း ၂၁ အုပ်စုမှာ စိုက်ဧက ၄၅၀၀၊ စေတုတ္တရာမြို့နယ်က ကျေးရွာအုပ်စုပေါင်း ၃၁ အုပ်စု၊ တောင်သူပေါင်း ၂၁၈၃ ဦးက စိုက်ဧက ၂၂၅၀ ဧက။ မြို့နယ်ငါးခုမှာစုစုပေါင်းစပါးစိုက်ဧက ၁၁၉၄၇၀ ဧကကို ရာနှုန်းပြည့် စိုက်ပျိုးထားပြီးဖြစ်ပါတယ်” ဟု ခရိုင်ဦးစီးမှုးဦးလှမိုးကပြောသည်။
မင်းဘူးခရိုင်အတွင်း တောင်သူများသီးနှံအထွက်နှုန်းကောင်းရရှိရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်းကာ စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ ချည်မျှင်ရှည်ဝါသီးနှံများကို (ပန်းတိုင်)အထွက်နှုန်းကောင်းရရှိရေးအတွက် ဆောင်ရွက်နေသည်။ သီးနှံများအထွက်နှုန်းကောင်းစေရေးအတွက် မျိုးကောင်း၊ မျိုးသန့်သီးနှံမျိုးစေ့များဖြန့်ဝေပေးကာ စိုက်ပျိုးနည်းစနစ်များကိုလည်း ပညာပေးဆောင်ရွက်နေကြောင်း မင်းဘူးခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။