၂၄. ၉. ၂၀၂၃
Written by Ye Kyaw
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ပြည်ပသို့ ဆန်တန်ချိန်နှစ်သန်း တင်ပို့နိုင်ရန် လျာထားသည့်အတွက် လာမည့်အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာ သုံးလအတွင်း ဆန်တန်ချိန် ခြောက်သိန်းကျော်အထိ တင်ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
“ဒီနှစ်အတွက်လည်း တန်ချိန် နှစ်သန်းကတော့ ရည်မှန်းချက်ထားပါတယ်။ တန်ချိန်နှစ်သန်း ပြည့်မပြည့်ကတော့ ဒီစပါးရာသီဆုံးတဲ့အချိန်အထိတော့ စောင့်ကြည့်ရပါဦးမယ်။ ရာသီဥတုအခြေအနေတွေက ဘယ်လိုရှိမလဲ။ အောက်တိုဘာလဆန်းမှာ ဘယ်လိုရှိမလဲ။ အောက်တိုဘာလထဲမှာ ဘယ်လိုရှိမလဲ။ ဒါတွေကိုလည်း ကြည့်ရပါမယ်။ အကြမ်းဖျင်းလျာထားတာကတော့ ဒီအောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ ဒီသုံးလမှာ ကျွန်တော်တို့ အောက်တိုဘာလဆိုလည်း တန်ချိန်နှစ်သိန်းလောက် နိုဝင်ဘာ၊ ဒီဇင်ဘာဆိုလည်း တန်ချိန်နှစ်သိန်းခွဲလောက်စီ ပြည်ပတင်ပို့ဖို့ရည်မှန်းထားပါတယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
ပြည်တွင်းဆန်ဈေးနှုန်း မြင့်တက်နေခြင်း၊ အယ်နီညိုရာသီဥတုနှင့် ကြုံရနိုင်သဖြင့် ပြည်တွင်းစားသုံးမှု ဖူလုံမှုရှိစေရန် ဆောင်ရွက်နေမှုများကြောင့် ယခုနှစ်တွင် ပြည်ပဆန်တင်ပို့မှုမှာ ယခင်နှစ်များထက် လျော့ကျလျက်ရှိသည်။ လက်ရှိအချိန်တွင် နိုင်ငံတကာဆန်ဈေးနှုန်းမြင့်တက်နေသည့် အခွင့်အရေးကို အမိအရဖမ်းဆုပ်ပြီး နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေရရှိအောင်လည်း ဆောင်ရွက်ရန်လိုအပ်ကြောင်း သိရသည်။
“နိုင်ငံတကာဈေးတွေလည်း မြင့်တက်တယ်။ ပြည်တွင်းဈေးတွေလည်း မြင့်တက်တယ်။ ကျွန်တော်တို့ကလည်း အစိုးရနဲ့ ညှိနှိုင်းပြီးတော့မှ တတ်နိုင်သမျှ ပြည်တွင်းဖူလုံမှုနဲ့ ပြည်တွင်းဈေးကွက်တည်ငြိမ်မှုကို ဦးစားပေးပြီးတော့ ပြည်ပတင်ပို့မှုကို တကယ်ကို ပိုလျှံတဲ့ ပြည်တွင်းဈေးကွက်ကို မထိခိုက်နိုင်တဲ့ အနေအထားမျိုးနဲ့သာ ကျွန်တော်တို့ တင်ပို့ခြင်းဖြစ်ပါတယ်” ဟု ဦးရဲမင်းအောင်က ပြောသည်။
ယခုဘဏ္ဍာနှစ် ၂၀၂၃ ခုနှစ် ဧပြီလမှ ဩဂုတ်လကုန်အထိ ငါးလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၃၈၀,၀၀၀ တန် တင်ပို့မှုမှ ဒေါ်လာ ၁၆၆ သန်းရရှိထားသည်။ အဆိုပါကာလအတွင်း ဖိလစ်ပိုင်၊ စပိန်၊ တရုတ်၊ ပိုလန်၊ ဘယ်လ်ဂျီယံ စသည့်နိုင်ငံ ငါးနိုင်ငံသို့ ဆန်အများဆုံးတင်ပို့ခဲ့ပြီး တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘယ်လ်ဂျီယံ၊ နယ်သာလန် စသည့်နိုင်ငံ ငါးနိုင်ငံသို့ ဆန်ကွဲအများဆုံး တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။