◾ အမေရိကန်ကလည်း တစ်ခုတည်းသောအနောက်အုပ်စုနိုင်ငံအဖြစ် ပါဝင်
၂၃.၉.၂၀၂၃
Translated by Htwe Ko Tun
ကမ္ဘာတစ်ဝန်းက နိုင်ငံရေးဆိုင်ရာအကြမ်းဖက်ဆောင်ရွက်မှုတွေကို လေ့လာမှုသုတေသနပြုမှုအသစ်တစ်ခုအရ အမေရိကန်ပြည်ထောင်စုဟာ အကြမ်းဖက်ပဋိပက္ခဒဏ်အများဆုံးခံနေရတဲ့ ကမ္ဘာ့နိုင်ငံ ၅၀ အကြား ပါဝင်နေတဲ့ တစ်ခုထဲသော အနောက်နိုင်ငံဖြစ်တာကိုတွေ့ရှိရတယ်လို့ ဖော်ပြခဲ့ပါတယ်။
Armed Conflict Location and Event Data Project (ACLED) ရဲ့ အဆိုပါသုတေသနပြုချက်အရ အမေရိကန်နိုင်ငံအတွင်း မကြာသေးမီနှစ်တွေထဲမှာ နိုင်ငံရေးအကြမ်းဖက်မှုတွေမြင့်တက်လာမှုနဲ့ အစွန်းရောက်အုပ်စုတွေ တစ်ဟုန်ထိုးတိုးပွားလာမှုတွေကြောင့် အမေရိကန်အနေနဲ့ အခုလို အကြမ်းဖက် ပဋိပက္ခဒဏ်ခံနေရတဲ့ နိုင်ငံအဆင့်ကို ရောက်လာရတာလို့ဆိုပါတယ်။
ACLED က အချက်အလက်စုဆောင်းရေး၊ အသေးစိတ်လေ့လာရေးနဲ့ အကျပ်အတည်းအခြေအနေကို လေ့လာမှုတို့ကိုပါဆောင်ရွက်နေတဲ့ ဝစ်ကွန်ဆင်ပြည်နယ် အခြေစိုက် အကျိုးအမြတ်မယူတဲ့လုပ်ငန်း တစ်ခုပါ။ ဒီအဖွဲ့က ကမ္ဘာတစ်ဝန်း နိုင်ငံနဲ့ ပိုင်နက်နယ်မြေ ၂၄၀ ကျော်က နိုင်ငံရေးအကြမ်းဖက်မှုအချက်အလက်တွေကိုစုဆောင်းခဲ့တာပါ။ စက်တင်ဘာလဆန်းအထိ ၁၂ လတာကာလအတွင်း ကမ္ဘာတစ်ဝန်း နိုင်ငံရေးအကြမ်းဖက်မှု ၁၃၉,၀၀၀ ကျော်ကို မှတ်တမ်းတင်နိုင်ခဲ့ပြီး ဒီမတိုင်မီနှစ်ကထက် ၂၇ ရာခိုင်နှုန်း တိုးတက်လာခဲ့တာလို့လည်း သိရပါတယ်။
ACLED ရဲ့ အကြမ်းဖက်ပဋိပက္ခဒဏ်ခံရတဲ့ ကမ္ဘာ့နိုင်ငံတွေအဖြစ်အဆင့်သတ်မှတ်ရာမှာ ညွှန်ကိန်းလေးရပ်အပေါ်မူတည် ဆောင်ရွက်တာလို့သိရပါတယ်။ ဒါတွေကတော့ အသေအပျောက်ဖြစ်ပွားမှု၊ အရပ်သားတွေအပေါ် အန္တရာယ်ရှိမှု၊ ပထဝီအနေအထားပိုင်းဆိုင်ရာ စိမ့်ဝင်ပြန့်ပွားမှုတွေနဲ့ လက်နက်ကိုင်အဖွဲ့ အစည်းတွေ အမျိုးမျိုးကွဲပြားမှုဆိုတဲ့အချက်တွေကို စံညွှန်ကိန်းထားလို့အဆင့်သတ်မှတ်တာပါ။ ဒီလို သတ်မှတ်ရာမှာ ယခင်နှစ်အတွက်ရှာထားတဲ့ အချက်အလက်တွေကိုလည်းအသုံးပြုကြရတယ်လို့ ဆိုပါတယ်။ ဒီလိုသတ်မှတ်ရာမှာ အလွန်မြင့်မားတဲ့နိုင်ငံ၊ မြင့်မားတဲ့နိုင်ငံနဲ့ ထိန်းသိမ်းမရတဲ့နိုင်ငံ လို့ အဆင့်တွေခွဲခြားသတ်မှတ်ပါတယ်။
ACLED ရဲ့ အကြမ်းဖက်ပဋိပက္ခဒဏ်အများဆုံးခံရတဲ့ နိုင်ငံတွေမှာ လက်နက်ကိုင်အဖွဲ့တွေ ကွဲပြားမှု ဆိုတဲ့အချက်မှာ အမြင့်ဆုံးဖြစ်တဲ့ မြန်မာနိုင်ငံက အလွန်မြင့်မားသောနိုင်ငံအဆင့်အဖြစ် ထိပ်ဆုံးမှာရှိနေပြီး သူ့နောက်မှာတော့ ဆီးရီးယားနဲ့ မက္ကဆီကိုတို့ရှိပါတယ်။ အမေရိကန်ကတော့ ထိန်းသိမ်းမရတဲ့နိုင်ငံအဆင့်အဖြစ် လစ်ဗျား၊ ဂါနာ၊ ချတ်ဒ် တို့အပါအဝင် အခြားသော အာရှနဲ့ အာဖရိကနိုင်ငံ ၁၉ နိုင်ငံတို့ရဲ့နောက် ဒီစာရင်းမှာပါဝင်နေပါတယ်။
ACLED ရဲ့ဆက်သွယ်ရေးအကြီးအကဲ ဆမ်ဂျုံးစ် က ဒီစာရင်းမှာအမေရိကန်ပါဝင်နေမှုက နိုင်ငံရေးအကြမ်းဖက်မှုတွေဟာ ဆင်းရဲတဲ့ ဒါမှမဟုတ် ဒီမိုကရေစီမဆန်တဲ့ နိုင်ငံများမှာတင် ဖြစ်တာလို့ ကန့်သတ် မထားဘူးဆိုတာပြတာပဲလို့ ဆိုခဲ့ပါတယ်။ ဒါ့ပြင် ဆမ်ဂျုံးစ် က အမေရိကန်ပြည်ထောင်စုအနေနဲ့ အရပ်သားများကို ထိခိုက်အန္တရာယ်ရှိမှုနဲ့ လက်နက်ကိုင်အုပ်စု ဒါမှမဟုတ် လက်နက်ကိုင်သူတွေ အမျိုးမျိုးကွဲ ပြားတည်ရှိနေမှုအချက်တွေမှာလည်း အတော်လေးဆိုးဝါးနေတာက အမေရိကန်ကို ဒီစာရင်းမှာအဆင့်မြင့်လာစေတာလို့ဆိုပါတယ်။ အရပ်သားများကို ထိခိုက်အန္တရာယ်ရှိမှုဆိုတာမှာ အကြမ်းဖက်မှုတွေက အရပ်သားတွေကိုလည်းပစ်မှတ်ထားလာပြီး အကြမ်းဖက်ပစ်ခတ်မှုတွေ၊ ရဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုတွေလည်း ပါတယ်လို့ဆိုပါတယ်။
အမေရိကန်က ကမ္ဘာပေါ်မှာ အကြမ်းဖက်ပဋိပက္ခဒဏ်အများဆုံးခံနေရတဲ့ ကမ္ဘာ့နိုင်ငံ ၅၀ အကြား ပါဝင်နေတဲ့ တစ်ခုထဲသော အနောက်နိုင်ငံဖြစ်တာကိုတွေ့ရှိရတယ်ဆိုပေမယ့်လည်း နိုင်ငံရေးအကြမ်းဖက်မှုနဲ့ ဆူပူမတည်ငြိမ်မှုတွေဖြစ်ပွားရာတစ်ခုတည်းသော အနောက်နိုင်ငံမဟုတ်ဘူးလို့ သိရပါတယ်။ ပြင်သစ်မှာဆိုရင် ရဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် လွန်ခဲ့တဲ့နွေရာသီက ပဲရစ်မြို့မှာဆယ်ကျော် သက်တစ်ဦးသေဆုံးခဲ့ရပြီးနောက် ရဲဆန့်ကျင်ရေး အကြမ်းဖက်အဓိကရုဏ်းတွေဖြစ်ခဲ့ရပါတယ်။ ကနေဒါမှာလည်း သေးငယ်ပေမယ့်သိသာမြင်သာတဲ့ LGBTQ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပြီးခဲ့တဲ့နှစ်များကဖြစ်ခဲ့ပါ သေးတယ်။
ဝါရှင်တန်မြို့ရှိအမေရိကန်တက္ကသိုလ်တစ်ခုမှ နိုင်ငံရေးအကြမ်းဖက်မှုကျွမ်းကျင်သူတစ်ယောက်ဖြစ် တဲ့ သောမတ်စ် ဇစ်အော့ဖ် က “ကျွန်တော်တို့က အမေရိကန်မှာဖြစ်တဲ့အကြမ်းဖက်မှုတစ်ခုအတွက်တော့ ဘယ်လိုဖြေရှင်းမလဲ။ နောက်ဘယ်လိုတားဆီးမလဲ။ အကြံဉာဏ်ကောင်းတွေထုတ်ကြတယ်။ ဒါပေမယ့် အလားတူ အကြမ်းဖက်မှုတွေ မက္ကဆီကို ကျေးလက်ဒေသ၊ နိုင်ဂျီးရီးယားမြောက်ပိုင်းနဲ့ အာဖဂန်နစ္စတန် ကျေးလက်ဒေသတွေမှာဖြစ်နေတာကိုကျတော့ အရေးမစိုက်ဘဲနေကြတယ်။ ဒါကမဖြစ်သင့်ဘူး” လို့ဆိုခဲ့ပါတယ်။
Ref–VOA