
၂၃. ၉. ၂၀၂၃
Written by Nay Moe
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ထန်းတပင်ကုန်းရွာ ဗျူဟာလမ်းဘေးတွင် နိုင်ငံဝန်ထမ်း တောခေါင်း ဦးအုန်းလှိုင်ကို စက်တင်ဘာ ၂၂ ရက် နံနက် ၈ နာရီခန့်တွင် သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ (မြေအောက်ပျောက်ကြားတပ်ဖွဲ့ – အုတ်ဖို) က ဒလန်ဟုဆဲဆိုကာ ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း သိရသည်။
သာယာဝတီ PDF များက တောခေါင်းဦးအုန်းလှိုင်ကို ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဦးအုန်းလှိုင်မှာ နေရာ၌ပင် သေဆုံးခဲ့သည့်အပြင် ဆိုင်ကယ်တစ်စီး၊ ဖုန်းတစ်လုံး၊ ငွေကျပ် ၂၅၀၀၀၀ နှင့် ဦးအုန်းလှိုင်၏ စာရွက်စာတမ်းများကိုပါ သာယာဝတီ PDF က လုယက် ယူဆောင်သွားကြောင်း သိရသည်။
သာယာဝတီ PDF တင်ထားသော ရုပ်သံဖိုင်တွင် ဆိုင်ကယ်တွန်းလာသော အသက် ၆၀ ခန့်အရွယ် လက်နက်မဲ့တောခေါင်းဦးအုန်းလှိုင်ကို PDF များက ဆဲဆိုကာ သေနတ်ဖြင့် ၆ ချက် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
တောခေါင်းဦးအုန်းလှိုင်သည် Non CDM တစ်ဦးဖြစ်ခြင်း၊ သစ်တောဌာနမှ CDM ဝန်ထမ်းများအားသတင်းပေး ဖမ်းဆီးခိုင်းခြင်း၊ ပဲခူးရိုးမပေါ်ရှိ သက်နုကျွန်းပင်များကို မထိန်းသိမ်းမစောင့်ရှောက်သည့်အပြင် ခုတ်လှဲရောင်းချပြီး အစိုးရအတွက် ဝင်ငွေရှာဖွေပေးခြင်း၊ ရိုးမပေါ်ရှိ PDF များ၏ စခန်းတည်နေရာများကို သတင်းပေး၍ ချေမှုန်းရန်လိုက်လံပြသခြင်းကြောင့် စစ်ရေးပစ်မှတ်အဖြစ် ဆောင်ရွက်ခဲ့သည်ဟုလည်း သတ်ဖြတ်လုယက်သည့် သာယာဝတီ PDF က ထုတ်ပြန်ထားပြီး ထိုစွပ်စွဲချက်များ မှန်ကန်မှု ရှိ မရှိ သတ်ဖြတ်သည့် သာယာဝတီ PDF က သက်သေထုတ်ပြနိုင်ခြင်းမရှိချေ။


