၂၃.၉.၂၀၂၃
Written by Hey Mar
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ ၆၁ လမ်းနဲ့ ၁၃၆ လမ်းအနီးမှာ အမျိုးသားတစ်ဦးကို ပုဆိန်နဲ့ခုတ်ပြီး ဆိုင်ကယ်လုယက်သွားတဲ့ဖြစ်စဥ် မနေ့က စက်တင်ဘာ ၂၂ ရက် နေ့လည် ၁ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တယ်လို့ လောကပါလအသင်းမှ တာဝန်ရှိသူထံက သိရပါတယ်။
လုယက်ခံရသူ အမျိုးသားက အသက် ၅၀ ဝန်းကျင်အရွယ်ရှိပြီး သူဆိုင်ကယ်မောင်းနှင်လာစဥ်မှာ ရှေ့တူရှုကနေ လူနှစ်ဦးစီးနင်းမောင်းနှင်လာတဲ့ ဆိုင်ကယ်က အနီးကပ် ပုဆိန်နဲ့ ခုတ်သွားတာကြောင့် မျက်နှာအတော်ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။
ဖြစ်စဥ်ကို သွားရောက်ကူညီခဲ့တဲ့ လောကပါလ လူမှုကူညီရေးအသင်းက “လုယက်ခံရတဲ့ အမျိုးသားက စက်မှုထဲကလို့ပဲ သိရပါတယ်။ လမ်းက လူပြတ်တော့ သူလုယက်ခံရချိန် ကူညီသူလည်း မရှိလိုက်ဘူး။ သူဒဏ်ရာနဲ့ လဲနေတာကိုတွေ့တဲ့ လမ်းသွားလမ်းလာတချို့က အသင်းရုံးကို ဖုန်းဆက်လာတယ်။ အဲ့ဒါနဲ့ သွားရောက်ပြီး ဆေးရုံပို့ပေးခဲ့ပါတယ်။ ဆိုင်ကယ်ကတော့ ပါသွားတယ်။ လုယက်သူတွေ အသုံးပြုခဲ့တဲ့ ပုဆိန်တော့ ကျန်ခဲ့တယ်။ နောက်ပိုင်းကိစ္စတွေက ရဲမှုခင်းမို့ သက်ဆိုင် ရာက ဆက်လက်လုပ်ဆောင်နေပါတယ်”လို့ ပြောပါတယ်။
ဒဏ်ရာရရှိကာ သွေးထွက်များနေတဲ့ ဆိုင်ကယ်လုယက်ခံရသူအမျိုးသားကို မန္တလေးရုံကြီးအရေးပေါ်ဌာနသို လောကပါလအသင်း သူနာတင်ယာဥ်နဲ့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။