၂၃. ၉. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံသည် ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ကားအစီးပေါင်း ၁၆၆၆ စီးသာရောင်းချနိုင်ခဲ့ပြီး ပြီးခဲ့သောနှစ် အလားတူ ကာလနှင့်နှိုင်းယှဉ်ပါက ၅၀၀၀ နီးပါးလျော့နည်းလျက်ရှိနေကြောင်း အာဆီယံကားထုတ်လုပ်ရောင်းချရေးအဖွဲ့ (Asean-Autofed) ၏ ထုတ်ပြန်ချက်များအရ သိရသည်။
မြန်မာနိုင်ငံသည် ပြီးခဲ့သောနှစ် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ကားအစီးရေ စုစုပေါင်း ၆၃၈၂ စီးရောင်းချနိုင်ခဲ့ရာ ယခုနှစ်တွင် များစွာကျဆင်းသွားခဲ့ကြောင်း Asean-Autofed အဖွဲ့က ဖော်ပြထားသည်။
၂၀၂၃ ခုနှစ် ပထမငါးလအတွင်း မြန်မာနိုင်ငံ၏ရောင်းချမှုသည် လျော့နည်းခဲ့ပြီး ဇွန်လနောက်ပိုင်းတွင် ပြန်လည်မြင့်တက်လာခဲ့ကြောင်း၊ မေလအတွင်း ကားအစီးရေ ၁၉၆ စီး၊ ဇွန်လအတွင်း ကားအစီးရေ ၄၄၁ စီး နှင့် ဇူလိုင်လအတွင်း ကားအစီးရေ ၃၂၁ စီးရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ဇန်နဝါရီလက ကားအစီးရေ ၁၅၆ စီး၊ ဖေဖော်ဝါရီလအတွင်း ကားအစီးရေ ၁၂၀၊ မတ်လအတွင်းကားအစီးရေ ၂၅၀၊ ဧပြီလအတွင်းကားအစီးရေ ၁၈၂ စီး၊ မေလအတွင်း ကားအစီးရေ ၁၉၆ စီးရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
အာဆီယံကားထုတ်လုပ်ရောင်းချရေးအသင်းသည် အာဆီယံဒေသတွင်းနိုင်ငံများအနက် နိုင်ငံပေါင်း ၇ နိုင်ငံ၏ ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ကားရောင်းချနိုင်မှု အရေအတွက်ကို ထုတ်ပြန်ခဲ့ရာ ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့က ကားအစီးရေရောင်းချမှုအများဆုံး နိုင်ငံများအဖြစ် ရပ်တည်လျက်ရှိနေကြောင်း သိရသည်။
ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း အာဆီယံဒေသတွင်း နိုင်ငံများအနက် ထိုင်းနိုင်ငံက ကားအစီးရေ ၄၆၄၅၀၀ စီး၊ အင်ဒိုနီးရှားနိုင်ငံက ကားအစီးရေ ၅၈၆၄၀၁ စီး၊ မလေးရှားနိုင်ငံက ကားအစီးရေ ၄၂၉၈၀၇ စီး ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
Ref;Asean-Autofed