
၂၃.၈.၂၀၂၃
Written by Peya
ယခုနှစ် ရှစ်လတာကာလအတွင်း မြန်မာနိုင်ငံသို့ ပြည်ပခရီးသွား ခုနှစ်သိန်းခွဲကျော် ဝင်ရောက်ခဲ့ရာတွင် နယ်စပ်ဒေသမှ အများဆုံး ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခင်နှစ် ကာလတူထက် များစွာတိုးတက်လာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနရှိ အချက်အလက်များအရ သိရသည်။
ဇန်နဝါရီလမှ ဩဂုတ်လကုန်ပိုင်းအထိ မြန်မာနိုင်ငံသို့ ခရီးသွားဝင်ရောက်ရာတွင် လေဆိပ်မှဝင်ရောက်ခြင်း၊ သင်္ဘောဖြင့် ဝင်ရောက်ခြင်းနှင့် နယ်စပ်ဒေသမှ ဝင်ရောက်ခြင်းတို့ရှိရာတွင် နယ်စပ်ဒေသမှတစ်ဆင့် ဝင်ရောက်ခြင်းက ပိုမိုများပြားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
အထက်ပါ ခုနှစ်သိန်းခွဲခန့်အတွင်း မြန်မာနိုင်ငံအတွင်းပိုင်းအထိ ဗီဇာဖြင့်ဝင်ရောက်သူ အရေအတွက်မှာ ၁၉၀၀၀၀ ကျော်ဖြစ်ကာ အဆိုပါစာရင်းတွင် လေဆိပ်ကတစ်ဆင့် ဝင်ရောက်သည့် ပြည်ပခရီးသွားအရေအတွက်မှာ ၁၈၀၀၀၀ ကျော်၊ သင်္ဘောဖြင့် ဝင်ရောက်သူက ၃၈၀ ကျော်နှင့် နယ်စပ်ကတစ်ဆင့် ဗီဇာဖြင့် မြန်မာနိုင်ငံအတွင်းပိုင်းအထိ ဝင်ရောက်လာသူ အရေ အတွက်မှာ ၁၀၉၀၀ ကျော် ပါဝင်ကြောင်း သိရသည်။
နယ်စပ်ဒေသတွင်ပင် ယာယီဝင်ခွင့် လက်မှတ်များဖြင့် ဝင်ရောက်လည်ပတ်သူ နိုင်ငံခြားသား ဧည့်သည်အရေ အတွက်မှာ ၅၅၀၀၀၀ ကျော်ရှိကာ ရှစ်လတာကာလအတွင်း စုစုပေါင်း ဝင်ရောက်ခဲ့သည့် ဧည့်သည်အရေအတွက်မှာ ၇၅၁၂၁၆ ဦး ဖြစ်ကြောင်းလည်း သိရသည်။ ပြီးခဲ့သည့်နှစ် ဇန်နဝါရီလမှ ဩဂုတ်လအတွင်း ဝင်ရောက်ခဲ့သည့် ခရီးသည် အရေအတွက်မှာမူ ၁၂၉၂၇၄ ဦးသာ ဖြစ်သည့်အတွက် ယခုနှစ် ကာလတူတွင် လေးဆကျော် တိုးတက်လာခြင်း ဖြစ်ကြောင်းလည်း သိရသည်။
လာမည့်ပွင့်လင်းရာသီကာလအတွင်း ဦးစားပေးသွားလာလည်ပတ်သင့်သည့် ခရီးစဉ်ဒေသ ၁၄ ခုအား ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားကာ အဆိုပါနေရာများထဲတွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ငွေဆောင်၊ ချောင်းသာ၊ ငပလီ၊ ပြင်ဦးလွင်၊ အင်းလေး၊ ကလော/တောင်ကြီး၊ ကော့သောင်း၊ ကျောက်ဖြူ၊ မာန်အောင်နှင့် ပူတာအို စသည့် နေရာများ ပါဝင်ကြောင်း သိရသည်။