၂၃.၉.၂၀၂၃
Written by Peya
ကျောင်းသို့သွားစဥ် လည်-လှီးသ-တ်ဖြ-တ်ခံရသည့် ဆရာမအမှုတွင် သံသယတရားခံအဖြစ် ဖမ်းဆီးကာ AA လက်နက် ကိုင်အဖွဲ့က စစ်ဆေးနေသူတစ်ဦး လွတ်မြောက်သွားသည်ဟု သတင်းထွက်နေကြောင်းနှင့် မဆိုင်သူများပါသွားမည်ကိုလည်း စိုးရိမ်နေကြကြောင်း ဒေသခံတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်က ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျွန်းပေါ် ပေါက်တောကျေးရွာနေ အသက် ၃၅ နှစ်အရွယ် အလယ်တန်းပြ ဆရာမ ဒေါ် နှင်းယုနွယ်သည် မိမိရွာမှ အနီးနားရှိ ပန်းဖော်ပြင်ကျေးရွာသို့ ကျောင်းတက်ရန် သွားရောက်စဉ် လည်-လှီး-သ-တ်ဖြ-တ်ခံရခြင်းဖြစ်ကာ အလောင်းတွင်တွေ့ရသည့် အဝတ်အစားများ၏ အနေအထားအရ အဓမ္မကျင့်ထားသည်ဟု ယူဆရသည့် အနေအထားမျိုးကိုလည်း တွေ့မြင်ရခြင်း ဖြစ်သည်။
အဆိုပါဖြစ်စဉ်တွင် သေဆုံးသူ၏ နားကပ်၊ လက်စွပ်နှင့် တယ်လီဖုန်းကို ယူဆောင်သွားခြင်း မရှိကြောင်း သိရကာ လက်ရှိတွင် ဒေသခံများကလည်း အလားတူအမှုမျိုး ဖြစ်လာမည်ကို စိုးရိမ်နေကြကာ စစ်ဆေးမှုများလည်း တင်းကြပ်နေကြောင်း သိရသည်။
“လေးယောက်ဖမ်းထားတဲ့အထဲက တစ်ယောက်ထွက်ပြေးသွားတာလို့ သိရတယ်။ အသက်ကတော့ ၄၁ နှစ်လောက်ရှိတယ်လို့ သိရတယ်။ ဒါက သိရတဲ့ သတင်းပါ။ အခုကတော့ လူသတ်မှုနဲ့ ပတ်သက်လို့ အဝင်အထွက်ကအစ စစ်ဆေးနေတယ်” ဟု အထက်ပါဒေသခံက ဆိုသည်။
မည်သို့ ထွက်ပြေးသွားသည်ဆိုသော အချက်ကို သေချာစွာ သိရခြင်းမရှိဘဲ ဒေသခံများအကြားတွင် ထွက်ပြေးသွားသည်ဟု သတင်းများ ထွက်ပေါ်နေခြင်းကြောင်း ၎င်းကဆိုကာ စစ်ဆေးမှုများကို ပန်းဖော်ပြင် ကျေးရွာတွင် ပြုလုပ်နေခြင်းဖြစ် ကြောင်းလည်း သိရသည်။
“အကုန်လုံးက စိုးရိမ်နေကြတယ်။ မဆိုင်တဲ့သူတွေ ပါသွားမှာလည်း ကြောက်နေကြတယ်” ဟု ၎င်းက ဆိုသည်။