၂၃. ၉. ၂၀၂၃
Written by Nay Moe
စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ခြေတော်ရာကျေးရွာအနီး မြင်းမူ – မြောင် လမ်းပိုင်းမှာ ဒီနေ့မနက်ပိုင်းက ကင်းပုန်းဝပ်နေတဲ့ စစ်ကြောင်းက PDF ပူးပေါင်းအဖွဲ့တွေကို ပစ်ခတ်လို့ တိုက်ပွဲဖြစ်ပွားရာမှာ PDF ၂၀ ကျော် သေဆုံးတယ်လို့ ဒေသခံတချို့ရဲ့ ကနဦးသတင်းတွေအရ MT News က သိရပါတယ်။
“မြင်းမူနဲ့ မြောင်ဘက်က ရဲဘော်တွေပါပါတယ်။ ကျသွားတာလည်းမှန်တယ်။ ၂၀ ကျော်ဆိုတာလည်း မှန်ပါတယ်။ စစ်ကြောင်းဆင်းလာလို့ ဖြတ်တိုက်ဖို့အသွားမှာ ချုံခိုတိုက်ခံရတာပါ။ လောလောဆယ်ကတော့ ဘယ်အဖွဲ့က ဘယ်သူတွေကျသွားလဲဆိုတာ မသိရသေးပါဘူး” လို့ မြောင်နယ်ဘက်က ဒေသန္တရလက်နက်ကိုင်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
မြေပြင်သတင်းတွေအရ သေဆုံးတဲ့ PDF တွေထဲမှာ မြင်းမူနယ်၊ ခြေရာတော်ရွာအနီးက ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖတချို့နဲ့ မြစ်ငယ် PDF တချို့လည်း သေဆုံးတဲ့အထဲပါတယ်လို့ ကနဦး သိရပါတယ်။
အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တယ်လီဂရန်သတင်းဌာနတချို့မှာတော့ ဒီနေ့ စက်တင်ဘာ ၂၃ ရက် မနက်ပိုင်းက မြင်းမူမြို့နယ် ခြေရာတော်ရွာအနီး မြင်းမူ-မြောင် ကားလမ်းအတိုင်း မောင်းနှင်လာတဲ့ ကားတစ်စီးနဲ့ ဆိုင်ကယ်တွေ မြင်တွေရလို့ စစ်အုပ်စုက ကင်းပုန်းဝပ်ပြီး စောင့်ဆိုင်းခဲ့ကာ PDF တွေ ဖြစ်နေလို့ နှစ်ဖက်ညှပ်ပြီး ပစ်ခတ်ခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီလို ပစ်ခတ်ခဲ့ရာက PDF အလောင်း (၂၅)လောင်း၊ လက်လုပ်သေနတ်အရှည် ၈ လက်၊ လက်လုပ်သေနတ်အတို ၂ လက်၊ ကျည်အိမ် ၈ ခု၊ ၁၂ ဗို့ကျည် ၂၀၀ တောင့်၊ အမ်-၂၂ ကျည် ၈၀ တောင့်၊ လက်လုပ်မိုင်း ၂ လုံး၊ ရီမုဆားကစ်ပြား ၂ ခု၊ ဝါယာကြိုး ၁ ခွေ၊ ဆိုင်ကယ်ဘက်ထရီ ၁၁ လုံး၊ ပြောက်ကျားဦးထုပ် ၆ လုံး၊ ပြောက်ကျားအင်္ကျီ ၉ ထည်၊ ပြောက်ကျားဘောင်းဘီ ၅ ထည်၊ အိုင်ကွန် ၁ လုံး၊ အိုင်ကွန်အားသွင်းခုံ ၂ ခု၊ ညကြည့်မှန်ပြောင်း ၁ လက်နဲ့ ကားတွေဆိုင်ကယ်တွေသိမ်းမိခဲ့တယ်လို့ ရေးသားနေပါတယ်။
လက်ရှိမှာတော့ ခြေရာတော်ရွာအနီးမှာ PDF တွေကို တိုက်ခိုက်ခဲ့တဲ့စစ်ကြောင်းဟာ မြောင်နယ်ဘက်ကို ရောက်နေတယ်လို့ မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောထားပေမဲ့ PDF ၂၅ ယောက်သေဆုံးတယ်ဆိုတာကိုတော့ ပြောဆိုထားမှု မရှိပါဘူး။
မြောင်ပြည်သူ့တပ်မတော်(Myaung Union Army) PDF အဖွဲ့ကလည်း ခြေရာတော်ရွာတိုက်ပွဲက စစ်ကြောင်းဟာ မြောင်မြို့ကို ဦးတည်လာချိန်မှာ PDF တွေ LPDF တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တာ မှန်တယ်လို့ ပြောထားပေမဲ့ PDF နဲ့ LPDF ဘယ်နှစ်ယောက်သေတယ်ဆိုတာတော့ မပြောထားပါဘူး။ မြောင် PDF အဖွဲ့ကိုယ်တိုင်ကလည်း စက်တင်ဘာ ၂၀ တုန်းက စစ်ကြောင်းကို မိုင်းခွဲချိန်မှာ ပြန်လည်ပစ်ခတ်ခံရလို့ အသက်လုပြေးခဲ့ရသေးတယ်လို့ စက်တင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ခဲ့သေးတာပါ။
ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး သေဆုံးတဲ့သူတွေဟာ PDF တွေဖြစ်တယ်ဆိုတာကို မြင်းမူနဲ့ မြောင်ဘက်က PDF အဖွဲ့အစည်းတွေက အတည်ပြုထားပေမဲ့ ဘယ်အဖွဲ့က ဘယ်နှစ်ဦးသေတယ်ဆိုတာတော့ သူတို့ကိုယ်တိုင်အတည်မပြုနိုင်သေးသလို ထုတ်ပြန်ထားမှုလည်း မရှိပါဘူး။ MT News သတင်းဌာနအနေနဲ့လည်း ဖြစ်စဥ်ကိုဆက်လက်စုံစမ်းနေပြီး ထပ်မံသိရတာတွေ ဆက်လက်ဖော်ပြပေးသွားမှာပါ။